International News

အမေရိကန် - စင်ကာပူလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ပူးတွဲကော်မတီအစည်းအဝေး ကျင်းပ

Last Updated:

၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၌ ကျင်းပပြုလုပ်ခဲ့သည့် အမေရိကန်-စင်ကာပူလွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ပူးတွဲကော်မတီအစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Gan Kim Yong နှင့် အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကိုယ်စားလှယ် သံအမတ် Katherine Tai တို့ ပူးတွဲသဘာပတိအဖြစ်ပြုလုပ်ခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကုန်သွယ်မှုသဘောတူစာချုပ်၏မဟာဗျူဟာကျပြီး နှစ်နိုင်ငံအတွက် စီးပွားရေးအရအရေးပါမှုနှင့် အကျိုးရှိမှုတို့ကို အတည်ပြုခဲ့ပါသည်။ နှစ်နိုင်ငံကုမ္ပဏီများအကျိုးဖြစ်ထွန်းစေရန်၊ အထူးသဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေ ဖြင့် ကုန်သွယ်မှုသဘောတူစာချုပ်၏အကျိုးရလဒ်များကို လက်လှမ်းမီနိုင်စေရန် ဒီဂျစ်တယ်စီးပွားရေး၊ စာရွက်စာတမ်းအသုံးပြုရန်မလိုစေသည့်ကုန်သွယ်မှု၊ ထုတ်လုပ်ထောက်ပံ့မှုကွင်းဆက်ကြံ့ကြံ့ခံနိုင်မှု စသည့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ပါသည်။

ဝန်ကြီး Gan က “စင်ကာပူနိုင်ငံအနေဖြင့် အမေရိကန်-စင်ကာပူလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ နှစ် ၂၀ ပြည့်နှစ်အတွက် ဝမ်းမြောက်ကြောင်း၊ အဆိုပါသဘောတူစာချုပ်သည် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေးအရမိတ်ဖက်ဖြစ်မှု၏အခြေခံအုတ်မြစ်ဖြစ် ကြောင်း၊ ပူးတွဲအစည်းအဝေးတွင် ဒီဂျစ်တယ်ဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအပါအဝင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအပေါ် စိတ်ပါဝင်စားမှုကို ဖလှယ်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံကုမ္ပဏီများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် သဘောတူစာချုပ်မှတစ်ဆင့် အကျိုးကျေးဇူးများကို ခံစားနိုင်စေမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် မိတ်ဖက်ဖြစ်တည်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှငများအတွက် အခွင့်အလမ်းများကို ရှာဖွေနိုင်ရန် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Gan Kim Yong နှင့် အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကိုယ်စားလှယ်သံအမတ် Katherine Tai တို့သည် နိုင်ငံတကာကုန်သွယ်မှုတွင် ဖြစ်ပေါ်တိုးတက်နေမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် (၁၃) ကြိမ်မြောက် WTO ဝန်ကြီးများအဆင့်ညီလာခံ၏အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး WTO ၏ မူလရည်ရွယ်ချက်များကို ပြည့်မီရေး အဖွဲ့ဝင်နိုင်ငံများ၏အဆင့်အတန်းကို ပိုမိုကောင်းမွန်စေရန် နှစ်နိုင်ငံအနေဖြင့် ထပ်မံအတည်ပြုခဲ့ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News