International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်မည့် အာရေဗျခရီးသွားစျေးကွက်ပြပွဲ ၂၀၂၄(ATM 2024) အား စံချိန်တင်ပြသသွားမည်

Last Updated:

ခရီးသွားလာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ထိပ်တန်းကမ္ဘာ့ပြပွဲတစ်ခုဖြစ်သည့် အာရေဗျခရီးသွားစျေးကွက်ပြပွဲမှ ၎င်း၏ ၃၁ ကြိမ်မြောက်ပြပွဲအတွက် ယခုအပတ်တွင်ဒူဘိုင်းမြို့ရှိ ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးဌာနတွင် ယခုနှစ်အတွက် ပြန်လည်ရောက်ရှိပြသသွားမည်ဖြစ်ပါ သည်။

မေလ၊ ၆ ရက်မှ ၉ ရက်အထိကျင်းပပြုလုပ်မည့် နှစ်စဉ်ကျင်းပပြုလုပ်နေသည့် ခရီးသွားကုန်စည်ပြပွဲသို့ တက်ရောက်သူ ၄၁,၀၀၀ ကျော်လာရောက်ကြမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆၅ နိုင်ငံတို့မှ ပြပွဲပြသသူပေါင်း ၂၃၀၀ ကျော်ဖြင့် ပါဝင်ပြသသွားမည်ဖြစ်ပါသည်။

ATM 2024 သည် 'ဆန်းသစ်တီထွင်မှုကို အားကောင်းစေခြင်း–စွန့်ဦးတီထွင်မှုမှတဆင့် ခရီးသွားလာခြင်းကို အသွင်ပြောင်းလဲခြင်း' ဟူသောဆောင်ပုဒ်အောက်တွင် ခရီးသွားလာရေးနှင့်ခရီးသွားလုပ်ငန်းများကိုပုံဖော်ရာတွင် လုပ်ငန်းစတင်ဆောင်ရွက်ကြများနှင့် စွန့်ဦးတီထွင်သူများ၏ အခန်းကဏ္ဍကို အလေးပေးထားပါသည်။လေးရက်ကြာကျင်းပပြုလုပ်သွားမည့် ခရီးသွားညီလာခံများတွင်လည်း ကမ္ဘာလုံးဆိုင်ရာနှင့် အနာဂတ် အဆင့်များတစ်လျှောက် ဟောပြောပို့ချသူပေါင်း ၂၀၀ ကျော်တို့မှ အပိုင်းကဏ္ဍ ၅၀ ကျော်အတွက် ဟောပြောပို့ချမှုများပါဝင်သွားမည်ဖြစ်ပါ သည်။

အဓိကအပိုင်းကဏ္ဍများတွင် ဒူဘိုင်းခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဈေးကွက်မြှင့်တင်မှုကော်ပိုရေးရှင်းအဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Issam Abdulrahim Kazim က ဒူဘိုင်း၏ ခရီးသွားလုပ်ငန်းပန်းတိုင်များကို အကျဉ်းချုပ်ပြောကြားသွားမည်ဖြစ်ပြီး ပင်လယ်ကွေ့ဒေသနိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(GCC)၏ခရီးသွားလုပ်ငန်းဆိုင်ရာဗျူဟာများကို ဆွေးနွေးကြမည့် ဝန်ကြီးအဆင့်ဆွေးနွေးပွဲများ ပါဝင်ပါသည်။ ဆွေးနွေးပွဲများအတွင်းဈေးကွက်ရှာဖွေမှုအဖြစ် တရုတ်၊ အိန္ဒိယနှင့် လက်တင်အမေရိကဒေသနိုင်ငံများမှ ခရီးသွားလုပ်ငန်းအလားအလာများကို စူးစမ်းလေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ အနာဂတ်အဆင့်များကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသရှိ ဧည့်ဝန်ဆောင်မှုလမ်းကြောင်းများနှင့် ကျွန်းဒေသများ၏ခရီးသွားလုပ်ငန်းဆိုင်ရာအခွင့်အလမ်းများအကြောင်း ဆွေးနွေးမှုများနှင့်အတူ ခရီးသွားလာရေးကဏ္ဍများပေါ် ကမ္ဘာ့စီးပွားရေးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည့် ကိစ္စရပ်များစသည်တို့ပါဝင်သွားမည်ဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

ယခုနှစ်အာရေဗျခရီးသွားဈေးကွက်အား အကြီးမားဆုံးပြသနိုင်ရန်အတွက် မျှော်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပြပွဲပါဝင်ပြသသူပါ၀င်မှု ၂၆ % တိုးတက်လာခဲ့ကာ ကမ္ဘာလုံးဆိုင်ရာခရီးသွားလာရေးနှင့်ခရီးသွားလုပ်ငန်းတွင်အဓိကပြပွဲတစ်ခုအဖြစ် ၎င်း၏အဆင့်အတန်းကို အတည် ပြုထားပါသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အာရှ၊ ဥရောပနှင့် အာဖရိကဒေသများတို့ရှိ ကဏ္ဍများအားလုံးတို့တွင် ခရီးသွားလုပ်ငန်းမှဒေသဆိုင်ရာတိုးတက်မှုသည် ထင်ရှားလျက်ရှိနေကြောင်း ဖော်ပြထားပါသည်။ ပြပွဲတွင်ခရီးသွားနည်းပညာကုမ္ပဏီ ၁၀၀ ကျော်တို့မှ ဆန်းသစ်တီထွင်မှုများကို ပြသသွားမည်ဖြစ်ပြီး ခရီးသွားနည်းပညာကဏ္ဍသည် ၅၈ % ဖြင့် နည်းပညာဆိုင်ရာ တိုးတက်မှုများအပေါ် စိတ်ဝင်စားမှုမြင့်မားလာမှုအပေါ် ထင်ဟပ်စေမည်ဖြစ်ပါသည်။ဤတိုးတက်မှုသည် ခရီးသွားလုပ်ငန်းကဏ္ဍများနှင့်ဒေါင်လိုက်ဆက်စပ်လျက်ရှိသောကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းများနှင့် ကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာ အခွင့်အလမ်းများကိုလွယ်ကူချောမွေ့စေရန်အတွက် ATM ပြပွဲ၏အရေးပါမှုကို အလေးပေးဖော်ပြထားခြင်းဖြစ်ပါသည်။

အာရေဗျခရီးသွားစျေးကွက်ပြပွဲသည်၂၀၂၃ ခုနှစ်တွင် ပြပွဲ၏အဓိကဆောင်ပုဒ်ကို အကောင်အထည်ဖော်ဆောင်ထားခဲ့ပြီး ရေရှည်တည်တံ့နိုင်မှုပန်းတိုင် ၃၀ ကို လိုက်လျောညီထွေဖြစ်စေရန်အတွက် လာမည့်နှစ်များတွင်လည်း ဆက်လက်တည်တံ့နိုင်စေမည့် ကတိကဝတ်ကို ဖော်ဆောင်လျက်ရှိပါသည်။မေလ ၉ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ရေရှည်တည်တံ့နိုင်မှုဆိုင်ရာညီလာခံတွင် သဘာဝပတ်ဝန်းကျင်၊လူမှုရေးနှင့်အုပ်ချုပ်မှု (ESG)ဆိုင်ရာ စူးစမ်းလေ့လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကာ စားသုံးသူအကြိုက်များနှင့် ခရီးသွားလာရေးနှင့်ခရီးသွားလာရေးကဏ္ဍများတို့အတွက် ပိုမိုရေရှည်တည်တံ့သော အနာဂတ်များကိုဖန်တီးရန်အတွက် လိုအပ်သည့်ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာသွားမည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ‘ရေရှည်တည်တံ့ရပ်တည်နိုင်မှုဆု’သည် ပြပွဲခင်းကျင်းပြသသူများမှ ၎င်းတို့ကာဗွန်ခြေရာချန်ရစ်မှုကိုလျှော့ချရန်အတွက် ပြောင်မြောက်သော ကြိုးပမ်းအားထုတ်မှုများအပေါ်မူတည်၍ အသိအမှတ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါသည်။

ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးဌာန(DWTC)နှင့် တွဲဖက်ကျင်းပသည့် အာရေဗျခရီးသွားစျေးကွက် ပြပွဲ ၂၀၂၄ ၏ မဟာဗျူဟာမိတ်ဖက်များမှာ ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)မှ ခရီးစဉ်ဒေသမိတ်ဖက်အဖြစ်လည်းကောင်း၊ Emirates လေကြောင်းလိုင်းမှ တရားဝင်လေကြောင်းလိုင်းမိတ်ဖက်အဖြစ်လည်းကောင်း၊ IHG Hotels & Resorts မှ တရားဝင်ဟိုတယ်မိတ်ဖက်အဖြစ်လည်းကောင်းနှင့် Al Rais Travel ခရီးသွားလုပ်ငန်းမှ တရားဝင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကုမ္ပဏီ(DMC)မိတ်ဖက်အဖြစ်လည်းကောင်း အသီးသီးပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမည်ဖြစ် ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News