International News

တရုတ်နိုင်ငံသို့ တင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏စားသောက်ကုန်တင်ပို့မှုပမာဏမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့

Last Updated:

တရုတ်နိုင်ငံသို့တင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များတင်ပို့မှုမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ပါသည်။

အဆိုပါသတင်းတွင် စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များတင်ပို့မှုမှာ ၁.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယန်း ၇၀၁.၃ ဘီလီယံရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၁၉.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၁၁၅.၆ ဘီလီယံယန်းရှိခဲ့ကြောင်းနှင့် ၂၀၀၄ ခုနှစ်မှစတင်၍ အမေရိကန်နိုင်ငံသို့ စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များတင်ပို့မှုမှာ အများဆုံးဖြစ်ခဲ့ကြောင်း၊ ဟောင်ကောင်သို့ တင်ပို့မှုမှာ ၁၀.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယန်း ၁၀၃.၂ ဘီလီယံရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၄၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယန်း ၇၈.၄ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှရေထွက်ကုန်များတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တရုတ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်သို့ ပို့ကုန်တင်ပို့မှုမှာ ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နှင့် ဟောင်ကောင်မှအပ အခြားသောနိုင်ငံများသို့ စားသောက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များတင်ပို့မှုပမာဏမှာ ၁၄.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခဲ့ခြင်းနှင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ထိုသို့ဝယ်လိုအားမြင့်တက်လာခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။ အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် တောင်ကိုရီးယားနှင့် အီးယူသို့ တင်ပို့မှုမှာ ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂုံးတင်ပို့မှုမှာ ၃၇.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ဂုံးကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းနှင့် အမေရိကန်ကဲ့သို့သောနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အခွံခွာခြင်းနှင့် သန့်စင်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနှင့် လက်တင်အမေရိကတို့တွင် ဂုံးသန့်စင်ထုတ်လုပ်သည့်လုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိကြောင်းနှင့် ထိုသို့ပံ့ပိုးပေးမှုကြောင့် ဗီယက်နမ်သို့ ဂုံးတင်ပို့မှုမှာ ၆.၈ ဆနှင့် ထိုင်းနိုင်ငံသို့ ဂုံးတင်ပို့မှုမှာ ၂.၅ ဆ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

လက်ဖက်စိမ်း၊ ဆန်နှင့် အရသာမှုန့်တင်ပို့မှုမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် စားသောက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များ နှစ်စဉ်တင်ပို့မှုပမာဏကို ၂၀၂၅ ခုနှစ်တွင် ၂ ထရီလီယံယန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၅ ထရီလီယံယန်းသို့ ရောက်ရှိစေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နှစ်စဉ်တင်ပို့မှုပမာဏမှာ ၁၁ နှစ်ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ သို့သော် တရုတ်နှင့် ဟောင်ကောင်သို့ တင်ပို့မှုကျဆင်းလျက်ရှိခြင်းကြောင့် အစိုးရ၏မျှော်မှန်းချက်များပြည့်မီနိုင်ရေး စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News