International News

အီရန်အကျပ်အတည်းကြောင့် အိန္ဒိယ၏ဆန်တင်ပို့မှုထိခိုက်နေပြီးပို့ကုန် လုပ်ငန်းရှင်များက အစိုးရထံမှ အရေးပေါ်ကူညီထောက်ပံ့မှုများ တောင်းဆို

Last Updated:

အီရန်အကျပ်အတည်းနှင့် အဓိကရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများမတည်ငြိမ်မှုတို့ ကြောင့်ဖြစ်ပေါ်လာသည့် သင်္ဘောတင်ပို့မှုအနှောင့်အယှက်များ၏ သက်ရောက်မှုကို လျှော့ချနိုင်ရန် ဆန်ပို့ကုန်လုပ်ငန်းရှင်များက အစိုးရထံမှ အရေးပေါ်ကူညီပံ့ပိုးမှုများကို တောင်းဆိုထားကြောင်း အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့ချုပ် (IREF)က တင်ပြချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့ချုပ်(IREF)က စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA)ထံတင်ပြချက်တွင် — ပို့ကုန်လုပ်ငန်းရှင်များသည် ကွန်တိန်နာအလွန်အမင်းရှားပါးမှု၊ အရှေ့အလယ်ပိုင်းဒေသသို့ သင်္ဘောဆိုက်ရောက်မှုများရပ်ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းခံရမှုနှင့် ကုန်စည်ပို့ဆောင်ရေးစရိတ်များ(Logistics costs)အဆမတန်မြင့်တက်လာမှုတို့နှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်(Freight rates)များမှာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိမြင့်တက်လာပြီး ပါရှန်ကွေ့ (Gulf)ဒေသသို့ ဦးတည်မည့် ကုန်စည်ပို့ဆောင်မှုများအတွက် စစ်ဘေး အန္တရာယ်ထပ်ဆောင်းခများ(War-risk surcharges)နှင့် အာမခံကြေး (Insurance premiums)များမှာလည်း သိသိသာသာမြင့်တက်လာကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် သင်္ဘောသုံးစက်သုံးဆီ(Bunker fuel)စရိတ်များမှာလည်း မြင့်တက်လာခဲ့ရာ ရေကြောင်းသုံးစက်သုံးဆီစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၀ ခန့်မှ ၅၈၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးဆိုင်ရာ အနှောင့်အယှက်များကြောင့် ပြည်တွင်းဈေးကွက်အပေါ်တွင်လည်း သက်ရောက်မှုရှိနေပြီး လွန်ခဲ့သည့် ၇၂ နာရီအတွင်း ဘာစမာတီဆန်ဈေးနှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ရာ ပို့ကုန်လုပ်ငန်းရှင်များအတွက်လုပ်ငန်းလည်ပတ်မှုအရင်း အနှီး(Working Capital)ဆိုင်ရာ ဖိအားများကို ပိုမိုပြင်းထန်စေခဲ့သည်။

IREF ဒုတိယဥက္ကဋ္ဌ Dev Garg က "ကုန်ပစ္စည်းတင်ပို့မှုတွေ ကြန့်ကြာနေရသည့်အချိန်တွင် ၎င်းတို့၏ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ရုတ်တရက်မြင့်တက်လာသည့် ကုန်စည်သယ်ယူပို့ဆောင်ခ၊ စက်သုံးဆီစရိတ်နှင့် အာမခံကြေးဒဏ်များကို မခံနိုင်တော့ကြောင်း" ပြောကြားခဲ့သည်။ ၎င်းက ပို့ကုန်စာချုပ်များ၊ ငွေကြေးစီးဆင်းမှုများနှင့် အိန္ဒိယ၏ ပို့ကုန်ကတိကဝတ်များကို အကာအကွယ်ပေးရန်အတွက် သတ်မှတ်ကာလအတွင်းသက်သာခွင့်ပေးမည့်အစီအစဉ်များနှင့် ရှင်းလင်းသော ညွှန်ကြားချက်များထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

တောင်းဆိုထားသည့် အဓိကအစီအမံများထဲတွင် ပို့ကုန်လုပ်ငန်းရှင်များမထိန်းချုပ်နိုင်သည့် သင်္ဘောခရီးစဉ်ဖျက်သိမ်းခြင်း သို့မဟုတ် ကုန်စည်သယ်ယူပို့ဆောင်ခအဆမတန်မြင့်တက်ခြင်းတို့ကြောင့် ကုန်ပစ္စည်းများကြန့်ကြာရသည့်အခြေအနေများအတွက် ကုန်လှောင်ခ(Storage)နှင့် သင်္ဘောကြန့်ကြာခ(Demurrage)အပါအဝင် ဆိပ်ကမ်းနှင့်ဆက်စပ်သောအခကြေးငွေများကို ကင်းလွတ်ခွင့်ပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လမ်းခရီးရောက်နေသည့် ကုန်စည်များကို ပြန်လည်သယ်ယူခြင်း၊ လမ်းကြောင်းပြောင်းလဲခြင်း သို့မဟုတ် အခြားဆိပ်ကမ်းသို့ လွှဲပြောင်းခြင်းများပြုလုပ်နိုင်ရန်အတွက် အကောက်ခွန်အာဏာပိုင်များနှင့် အိန္ဒိယဗဟိုဘဏ်(RBI)တို့က စာရွက်စာတမ်းဆိုင်ရာနှင့်ငွေပေးချေမှုဆိုင်ရာ ညှိနှိုင်းမှုများတွင် ကူညီပံ့ပိုးပေးရန်လည်း အဖွဲ့ချုပ်က တောင်းဆိုထားသည်။

ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များက ယခုဖြစ်ပေါ်နေသော အနှောင့် အယှက်များကို "Force Majeure"(မလွန်ဆန်နိုင်သော အခြေအနေ) ကဲ့သို့သောဖြစ်ရပ်တစ်ခုအဖြစ် အစိုးရ သို့မဟုတ် APEDA က တရားဝင်အသိအမှတ်ပြုထုတ်ပြန်ပေးရန် တောင်းဆိုထားကြသည်။ ထိုသို့ထုတ်ပြန်ပေးခြင်းဖြင့် စာချုပ်ပါ ကတိကဝတ်များပျက်ကွက်မှုကြောင့် ပေးဆောင်ရမည့်ဒဏ်ကြေးများကို တားဆီးနိုင်မည်ဟု ၎င်းတို့က ဆိုသည်။

အဖွဲ့ချုပ်သည် COVID-19 ကပ်ရောဂါကာလအတွင်း ပံ့ပိုးပေးခဲ့သော အစီအမံများနှင့် အလားတူသည့်ယာယီဘဏ်လုပ်ငန်းဆိုင်ရာ သက်သာ ခွင့်များဖြစ်သော အထူးကိစ္စရပ်အဖြစ် သတ်မှတ်ပေးသည့် လုပ်ငန်းလည်ပတ်မှုအရင်းအနှီး(Ad hoc working-capital)ကန့်သတ်ချက်များတိုးမြှင့်ပေးရန်နှင့် ချေးငွေသက်တမ်းတိုးမြှင့်ပေးရန်တို့ကိုလည်း တိုက်တွန်းထားကြောင်း သိရှိရသည်။

Reference: The Economic Times, India rice exports hit by Iran crisis: Exporters seek urgent govt support, March 5, 2026,

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News