International News

တရုတ်နိုင်ငံသည် အွန်လိုင်းအစားအစာရောင်းချသည့်လုပ်ငန်းများအပေါ် စည်းမျဉ်းများတင်းကြပ်လိုက်

Last Updated:

တရုတ်နိုင်ငံသည် အွန်လိုင်းမှတစ်ဆင့်ပါဆယ်ရောင်းချသည့် စားသောက်ဆိုင်များအား ၎င်းတို့၏ဆိုင်ရှေ့တွင် ဖော်ပြထားသည့် စားသောက်ဆိုင်နာမည်အတိုင်း အသုံးပြုရန်နှင့် လုပ်ငန်းလည်ပတ်မှုအသေးစိတ်အချက်အလက်များကို ပိုမိုဖော်ပြရန် သတ်မှတ်လိုက်ကြောင်း၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် လိမ်လည်လှည့်ဖြားသောလုပ်ဆောင်မှုများနှင့် အစားအစာဘေးကင်းရေးအန္တရာယ်များကို ထိန်းချုပ်ရန်ကြိုးပမ်းသည့်အနေဖြင့် အလျင်အမြန်ကြီးထွားလာသော အစားအစာပို့ဆောင်ရေးကဏ္ဍကို တင်းကြပ်စွာကိုင်တွယ်သွားမည်ဖြစ် ကြောင်း သိရသည်။

State Administration for Market Regulation ဌာနမှ ထုတ်ပြန်ခဲ့သော စည်းမျဉ်းသစ်များသည် ဇွန်လ(၁)ရက်နေ့တွင်စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊အဆိုပါစည်းမျဉ်းများအရ အွန်လိုင်းပလက်ဖောင်းများပေါ်တွင်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၏ အမည်များသည် ၎င်းတို့၏ မြေပြင်၌ဖွင့်လှစ်ထားသော အုတ်နှင့်အင်္ဂတေဆိုင်မျက်နှာစာများတွင် ဖော်ပြထားသည့်အမည်များနှင့် ကိုက်ညီနေရမည်ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်လုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းလိုင်စင်များ၊ ၎င်းတို့၏အဆောက်အဦတည်နေရာဓာတ်ပုံများနှင့် အမှန်တကယ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်လိပ်စာအပါအဝင် အဓိကအချက်အလက်များကို ၎င်းတို့၏အဓိကအွန်လိုင်းစာမျက်နှာတွင် ထင်ရှားစွာဖော်ပြထားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလိပ်စာအမှန်သည် အွန်လိုင်းအော်ပရေတာ၏ အစားအသောက်ဝန်ဆောင်မှုကဏ္ဍတွင် ဖော်ပြထားသော တည်နေရာနှင့် ကိုက်ညီရမည်ဟု စည်းမျဉ်းများတွင်ပြဋ္ဌာန်းထားကြောင်း၊ ကုန်သည်များသည် အစား အသောက်များ၏ပါဝင်ပစ္စည်းများ၊ အဆောက်အဦပြုပြင်ထိန်းသိမ်းမှုနှင့် စံလည်ပတ်မှုလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သည့် လိုအပ်ချက်များကို တင်းကြပ်စွာလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သတ်မှတ်ထားသောဧရိယာပြင်ပတွင် အစားအစာများပြင်ဆင် ချက်ပြုတ်ခြင်း (သို့မဟုတ်) ပြင်ပအဖွဲ့အစည်းများမှ အစားအသောက်များရောင်းချခြင်းကို တားမြစ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ရောင်းချသူအချို့ကို တရားဝင်မဟုတ်သော(သို့မဟုတ်)စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှုထက် ကျော်လွန်၍ လုပ်ကိုင်နိုင်စေခဲ့သော အားနည်းချက်များကို ပိတ်ပင်ရန်ရည်ရွယ်သည့် ခြေလှမ်းတစ်ခုဖြစ် ကြောင်း သိရသည်။

ယခုစည်းမျဉ်းများသည် သရဲမီးဖိုချောင်များဖြစ်သည့် အစားအစာပို့ဆောင်မှုမှတစ်ဆင့်သာ လုပ်ငန်းလည်ပတ်ပြီး ဆိုင်ထိုင်စားခြင်းဝန်ဆောင်မှုများ မပေးသောဆိုင်များအတွက် မဖြစ်မနေတံဆိပ်ကပ်ရမည်ဟု သတ်မှတ်ထားကြောင်း၊ ဖောက်သည်များအတွက် ဆိုင်ထိုင်စားရန်နေရာမရှိဘဲ ပို့ဆောင်ရန်အတွက်သာ အစားအသောက်များချက်ပြုတ်ရောင်းချသော အရည်အချင်းမပြည့်မီသည့် စားသောက်ဆိုင်များကို သရဲမီးဖိုချောင်များဟုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများသည် ၎င်းတို့၏အဓိကအွန်လိုင်းစာမျက်နှာတွင် "ဆိုင်၌ထိုင်၍ စားသောက်၍မရ"ဟူသောအမှတ်အသားကို ထင်ရှားစွာဖော်ပြရမည်ဖြစ်ပြီး အစားအသောက်ပို့ဆောင်သည့် ပလက်ဖောင်းများအနေဖြင့် ၎င်းတို့၏ စားသောက်ဆိုင်စာရင်းစာမျက်နှာများတွင်လည်း အလားတူတံဆိပ်ကို ဖော်ပြရန်လိုအပ်ကြောင်း SAMR က ချမှတ်ထား သည်ဟု သိရသည်။

SAMR မှ အစားအသောက်ဘေးကင်းရေးဒါရိုက်တာ Sun Huichuan က စားသုံးသူများကို ယုံကြည်စိတ်ချစေရန် အဓိကသော့ချက်မှာ "သင်မှာယူသည့်အရာသည် သင်ရရှိသည့်အရာဖြစ်သည်"ကို သေချာစေရန်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ‌သိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံတွင် ပလက်ဖောင်းအော်ပရေတာများနှင့် အွန်လိုင်းအစားအသောက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအတွက် အဓိကရှုထောင့်သုံးရပ်ဖြစ်သည့် စီးပွားရေးအမှတ်အသား၊ လုပ်ငန်းလည်ပတ်မှုပုံစံနှင့် အစားအသောက်ပြင်ဆင်ချက်ပြုတ်သည့် လုပ်ထုံး လုပ်နည်းများအလိုက် ရှင်းလင်းသော သတင်းအချက်အလက်ထုတ်ဖော်မှုတာဝန်ဝတ္တရားများကို ချမှတ်ထားသည်ဟု Sun က ပြောကြားခဲ့ကြောင်း သိရသည်။

Source: https://www.chinadaily.com.cn/a/202602/28/WS69a24abea310d6866eb3ab58.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News