ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်စစ်ဆေးရေးဂိတ်တွင် သွင်းကုန်များကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသောကြောင့် ထိုင်းပို့ကုန်များကို ရနောင်းနှင့် မယ်ဆိုင်စစ်ဆေးရေးဂိတ်များမှ ပြောင်းလဲတင်ပို့ရန် မြန်မာဘက်မှ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဩဂုတ်လ ၁၈ ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ နှင့် မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို မြန်မာဘက်မှ ပိတ်လိုက်ခြင်းကြောင့် ထိုင်းပို့ကုန်များအပေါ်ထိခိုက်ပါကြောင်း၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်တွေ့ဆုံခဲ့ပြီး မြန်မာ၏သွင်းကုန်လိုင်စင်ဆိုင်ရာ ဆောင်ရွက်မှုများကို ဖြေလျှော့ပေးရန် ဆွေးနွေးခဲ့ကြောင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)ကိုအသုံးပြုရန် စီစဉ်ထားသော ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ပို့ကုန်များကို ရနောင်းဆိပ်ကမ်းမှ ကော့သောင်းဆိပ်ကမ်း သို့မဟုတ် မယ်ဆိုင်-တာချီလိတ်နယ်စပ်စစ်ဆေးရေးဂိတ်တို့ကိုအသုံးပြုရန် မြန်မာအစိုးရဘက်မှ အကြံပြုဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuangtong က ပြောကြားခဲ့သည်။
ပို့ကုန်ရငွေတွက်ချက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ မြန်မာ အစိုးရနှင့်ဆွေးနွေးသွားမည့် ထိုင်းနိုင်ငံ၏အဆိုပြုလွှာကို မြန်မာကိုယ်စားလှယ်များက လက်ခံခဲ့ပါကြောင်း၊ ကုန်သွယ်ရေးမူဝါဒများဆိုင်ရာဆွေးနွေးရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်အတွက် မြန်မာ နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို ဖိတ်ကြားသွားမည်ဖြစ် ကြောင်း Mrs. Arada က ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုနှစ် ပထမ ၆ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ဘတ် ၁၀၅.၁ ဘီလီယံဖြစ်ပြီး ၂၄.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်သည် ဘတ် ၆၃.၅ ဘီလီယံဖြင့် ၁၆.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး သွင်းကုန်သည် ဘတ် ၄၁.၅ ဘီလီယံဖြင့် ၃၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်အားလုံးတွင် မဲဆောက်သည် ကုန်သွယ်မှုတန်ဖိုး ဘတ် ၄၅.၅ ဘီလီယံဖြင့် အများဆုံးဖြစ်ကြောင်း၊ ကန်ချနာပုရိမှ ကုန်သွယ်မှုသည် ဘတ် ၃၂.၄ ဘီလီယံ၊ ရနောင်းမှ ကုန်သွယ်မှုသည် ဘတ် ၁၈.၂ ဘီလီယံ၊ မယ်ဆိုင်မှ ကုန်သွယ်မှုသည် ဘတ် ၈.၀၆ ဘီလီယံ၊ ပရာချွတ်ခီရီခန်မှ ကုန်သွယ်မှုသည် ဘတ် ၃၀၀ သန်း၊ မယ့်ဟုန်ဆောင်မှ ကုန်သွယ်မှုသည် ဘတ် ၆၉၈ သန်းနှင့် မယ်စီရန်မှ ကုန်သွယ်မှုသည် ဘတ် ၁၀၄ သန်းဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)