International News

ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ကုန်သည်စက်မှုလုပ်ငန်းအသင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ စံညွှန်းတိုင်းတာရေးကိရိယာကို အစပျိုးစတင်ဆောင်ရွက်

Last Updated:

ဒူဘိုင်းကုန်သည်ကြီးများအသင်း(Dubai Chambers)သည် အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်း(ICC)နှင့် ကမ္ဘာ့ကုန်သည်ကြီးများအသင်းချုပ်(WCF)တို့နှင့်ပူးပေါင်း၍ ကမ္ဘာတစ်ဝှမ်းရှိ ကုန်သည်ကြီးများအသင်းများ၏စွမ်းဆောင်ရည်ကို နိုင်ငံတကာမှအကောင်းဆုံးသော အလေ့အကျင့်များနှင့် တိုင်းတာရာတွင် ကူညီဆောင်ရွက်ပေးမည့် ကုန်သည်ကြီးများအသင်းစံညွှန်းတိုင်းတာရေးကိရိယာ (Chamber Benchmarking Tool) တစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပါသည်။

မဲလ်ဘုန်းမြို့တွင် စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ကုန်သည်ကြီးများအသင်းများ၏ညီလာခံတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှကုန်သည်ကြီးမျာအသင်းများမှဦးဆောင်သူ ၁,၂၀၀ ကျော်တို့က ထိုးထွင်းသိမြင်နားလည်မှုများကိုမျှဝေရန်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာလာစေရန်အတွက် အဆိုပါအစပျိုးဆောင်ရွက်မှုကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါကိရိယာသည် စီးပွားရေးသုတေသန၊ လှုံ့ဆော်မှု၊ နိုင်ငံတကာကုန်သွယ်မှု၊ လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်မှု၊ ကွန်ရက်ချိတ်ဆက်မှု၊ အကြံပေးဝန်ဆောင်မှုများနှင့် အငြင်းပွားမှုဖြေရှင်းရေး စသည်တို့အပါအဝင် အဓိကအခန်းကဏ္ဍခုနစ်ခုတို့တွင်ဆောင်ရွက်လျက်ရှိကြသည့် ကုန်သည်ကြီးများအသင်းများကို အကဲဖြတ်သွားမည်ဖြစ်ပါသည်။ ၎င်းတွင် မဟာဗျူဟာ၊ အုပ်ချုပ်မှု၊ ဆန်းသစ်တီထွင်မှုနှင့်အဖွဲ့ဝင်အချင်းချင်းထိတွေ့ဆက်ဆံမှုစသည့် နယ်ပယ်များတွင်လည်း ဌာနတွင်းလုပ်ငန်းဆောင်ရွက်မှုအပေါ်ထူးချွန်စွာဆောင်ရွက်နိုင်မှုကိုလည်း အကဲဖြတ်သွားမည်ဖြစ်ပါ သည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah က အဆိုပါအစီအစဉ်သည် အဖွဲ့အစည်းဆိုင်ရာဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန်နှင့် စီးပွားရေးတိုးတက်မှု၏မောင်းနှင်အားများအဖြစ် ကုန်သည်ကြီးများအသင်းများ၏အခန်းကဏ္ဍကို အားကောင်းလာစေရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဒူဘိုင်း၏ကတိကဝတ်ကို ထင်ဟပ်ကြောင်းပြောကြားခဲ့ပါသည်။ ICC ၏အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ John W.H. Denton AOက အဆိုပါအစပျိုးဆောင်ရွက်မှုသည် ကမ္ဘာတစ်ဝှမ်းရှိကုန်သည်ကြီးများအသင်း များရှင်သန်ကြီးထွားရန် လိုအပ်သောထိုးထွင်းသိမြင်မှုများဖြင့် ကမ္ဘာတစ်ဝှမ်းရှိကုန်သည်ကြီးများအသင်းများကိုအားကောင်းလာစေမည့် မှတ်တိုင်တစ်ခုဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

နှိုင်းယှဉ်နိုင်မည့်အချက်အလက်များ၊ အံဝင်ခွင်ကျဖြစ်စေမည့်အကြံပြုချက်များနှင့် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်လေ့လာမှုများကို ဝင်ရောက်နိုင်ခြင်းအားဖြင့် အဆိုပါကုန်သည်ကြီးများအသင်း စံညွှန်းတိုင်းတာရေးကိရိယာသည် ကမ္ဘာတစ်ဝှမ်းတွင် ပိုမိုအားကောင်း၍ပြိုင်ဆိုင်နိုင်သော စီးပွားရေးအသိုင်းအဝိုင်းများတည်ဆောက်ရာတွင် ကုန်သည်ကြီးများအသင်းများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက် ပေးနိုင်ရန်ရည်ရွယ်ထားပါကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News