International News

အမေရိကန်နိုင်ငံမှချမှတ်ခဲ့သည့် အခွန်နှုန်းထား၏သက်ရောက်မှုများ လျော့ပါးသက်သာစေရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များအား ချေးငွေ ပီဆို ၃ ဘီလီယံ ထုတ်ချေးသွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် အမေရိကန်မှ ချမှတ်ခဲ့သည့် အခွန်နှုန်းထားကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအား ချေးငွေအစီအစဉ်တစ်ရပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။အဓိကအားဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အကြီးစားစီးပွားရေးလုပ်ငန်းများသို့ ကူးပြောင်းနိုင်စေရေး အရှိန်မြှင့်တင်ပေးရန် အဆိုပါလုပ်ငန်းရှင်များထဲမှ ပို့ကုန်လုပ်ငန်းရှင်များထံသို့ ချေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါချေးငွေအစီအစဉ်သည် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန လက်အောက်ခံချေးငွေထောက်ပံ့ပေးနေသည့် SB Corp;  မှ ကြိုတင်လျာထားဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေလက်ကျန်လုံလောက်မှုအပေါ်မူတည်၍ ယခုနှစ်အတွင်း စောနိုင်သမျှအစောဆုံးထုတ်ချေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးမှ ပြောကြားထားပါသည်။ အစိုးရမှ လည်ပတ်နေသည့်လုပ်ငန်းစုဖြစ်သော SB Corp; တွင် ကျန်ရှိနေသည့် ယခုနှစ်အတွက် ဘတ်ဂျက်သည် ပီဆို ၁.၅ ဘီလီယံဖြစ်ပြီး  အဆိုပါ ပမာဏသည် ယခုနှစ်ချေးငွေဘတ်ဂျက်ဖြစ်သော ပီဆို ၁၀ ဘီလီယံ၏ အစိတ် အပိုင်းတစ်ခုဖြစ်ပါသည်။

ချေးငွေအစီအစဉ်များထဲတွင် လုပ်ငန်းများချဲ့ထွင်နိုင်စေရန်၊ ကုန်ဝယ်အမှာစာများ၊ ချေးငွေအစီအစဉ်အမျိုးမျိုး၊ လုပ်ငန်းများပြန်လည်ထူထောင်နိုင်စေရန်နှင့် အမျိုး သမီးစွမ်းဆောင်ရှင်များ ရန်ပုံငွေ စသည်ဖြင့်ပါဝင်ပါသည်။ ယခုဆောင်ရွက်ပေးမည့် ချေးငွေအစီအစဉ်သည် အစိုးရအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များအတွက်အကူအညီအထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ရုံသာမက ပို့ကုန်လုပ်ငန်းရှင်များ ၏တောင်းဆိုမှုများ၊ကန့်ကွက်မှုများအပေါ် ဖြေရှင်းပေးသည့်နည်းလမ်းတစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၀၀ ထိရောက်ရှိစေရန် မျှော်မှန်းထားကြောင်း ပြီးခဲ့သည့်ဩဂုတ်လက ဖိလစ်ပိုင်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူမှ ပြောကြားထားပါသည်။ အဆိုပါမျှော်မှန်းချက်ပမာဏသည် Philippines Development Plan အရ အစိုးရ ၏မျှော်မှန်းချက်ဖြစ်သော အမေရိကန်ဒေါ်လာ ၁၁၃.၄၂ ဘီလီယံနှင့် Philippines Export Development Plan အရ ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၁၆၃.၆ ဘီလီယံတို့ထက် လျော့နည်းခန့်မှန်းထားခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏အဓိကပို့ကုန်နိုင်ငံတစ်ခုဖြစ်သော အမေရိကန်နိုင်ငံ၏အခွန်မူဝါဒကြောင့် မရေရာ၊ မသေချာမှုများရှိနေသည့်အတွက် အခက်အခဲများရှိနေသည့်အတွက်  လျော့နည်းခန့်မှန်းထားသည့် မျှော်မှန်းချက်ပမာဏရောက်ရှိရန်ပင် ခက်ခဲနိုင်သေးကြောင်း ဖော်ပြပါရှိပါသည်။

သီးခြားအနေဖြင့် ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းကဏ္ဍရှိ MSMEs များကိုလည်း ၎င်းတို့၏လုပ်ငန်းများချဲ့ထွင်သွားနိုင်ရန် ချေးငွေများထုတ်ချေးသွားမည်ဖြစ်ကြောင်း ၁-၉-၂၀၂၅ ရက်နေ့က ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းဌာနတို့ပူးပေါင်း၍ ချေးငွေ ပီဆိုသန်း ၂၀ အား ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ ၅ နှစ်နှင့် ပေးဆပ်ရန်ကျန်သည့် ချေးငွေပမာဏအပေါ် တစ်လလျှင် အတိုးနှုန်း ၁% သတ်မှတ်ထားပါသည်။

SB Corp; မှ ဦးစီးဆောင်ရွက်လျက်ရှိသည့် အဆိုပါချေးငွေအစီအစဉ်ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုခိုင်မာအားကြောင်းလာစေမည်ဖြစ်ပါကြောင်း၊ ချေးငွေထုတ်ချေးရာတွင် လုပ်ငန်းရှင်တိုက်ရိုက် ပီဆို ၆.၇၅ သန်း၊ အခြားသွယ်ဝိုက်သောနည်းလမ်းများဖြင့် ပီဆို ၁၀ သန်းကျော်အား ထုတ်ချေးပေးသွားမည်ဖြစ်ပါ သည်။ အစိုးရမှထုတ်ပြန်သည့် ကိန်းဂဏန်း၊ အချက်အလက်များအရ ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ စုစုပေါင်းအသုံးစရိတ်သည် ပီဆို ၃.၈၆ သန်းရှိပြီး တိုင်းပြည်ဂျီဒီပီ၏ ၈.၉% ထိရှိကြောင်း ဖော်ပြပါရှိပါသည်။

Source: https://mb.com.ph/2025/09/01/dti-eyes-3-billion-loan-fund-to-mitigate-us-tariff-impact

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)    

Category: International News