အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုးကျဆင်းလာမှုကိုထိန်းညှိနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ ၅ ပတ်တာကာလအတွင်း ယန်း ၉.၇၈၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၂.၂ ဘီလီယံ) ဝယ်ယူခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်အစိုးရ၏ယခုကဲ့သို့မူဝါဒဆိုင်ရာထိန်းညှိဆောင်ရွက်မှုသည် ၂၀၂၂ ခုနှစ်တွင် ဂျပန်အစိုးရမှ ယန်း ၉.၁၈၈ ထရီလီယံ ဝယ်ယူခဲ့သည့်ပမာဏကိုကျော်လွန်၍ စံချိန်တင်များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုကြောင့် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၆၀ ယန်းနှုန်းရှိခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့တွင် ၁၅၄ ယန်းနှုန်းသို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ယန်းငွေတန်ဖိုးပြန်လည်မြင့်တက်ခဲ့မှုသည် အစိုးရမှ ဈေးကွက်ဝင်ရောက် ထိန်းညှိခဲ့ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများနှင့် ကုန်သည်များမှ ခန့်မှန်းခဲ့ကြသော်လည်း အစိုးရမှ ဈေးကွက်ဝင်ရောက်ထိန်းညှိခဲ့ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အစိုးရမှ ယန်း ၆.၃၄၉ ထရီလီယံယန်းဝယ်ယူခဲ့ပြီး လစဉ်ဝယ်ယူမှုအနေဖြင့် စံချိန်တင်အများဆုံးဖြစ်ခဲ့ကြောင်းနှင့် ထိုစဉ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၅၀ ယန်းနီးပါးရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အစောပိုင်းမှစ၍ ယန်းငွေတန်ဖိုးကျဆင်းမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် ဖြေလျေှာ့သည့်ငွေကြေးမူဝါဒကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊၂၀၂၂ ခုနှစ်တွင် ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ယနေ့အချိန်အထိတွင် ယန်းငွေတန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းကျဆင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဂျပန်အစိုးရ၏ နိုင်ငံခြားအရန်ငွေထားရှိမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၂၇၈ ထရီလီယံရှိကြောင်း၊ထို့ကြောင့် ယန်းငွေတန်ဖိုးကျဆင်းမှုကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်သည့် အနေအထားတွင်ရှိကြောင်း၊အစိုးရမှ ယန်းငွေတန်ဖိုးကျဆင်းမှုကို ဝင်ရောက်ထိန်းညှိခဲ့ခြင်းမရှိပါက ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၆၅ ယန်းနှုန်းအထိကျဆင်းနိုင်ကြောင်း အမေရိကန်ဘဏ်မှ စီးပွားရေးပညာရှင်က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ယန်းငွေသည် အမေရိကန်ဒေါ်လာနှင့်ယူရိုပြီးပါက ကမ္ဘာ့တတိယမြောက်ကုန်သွယ်မှုအများဆုံးငွေကြေးဖြစ်ကြောင်း၊ Bank for International Settlements ၏အချက်အလက်များအရ ကမ္ဘာ့စုစုပေါင်းငွေကြေးတန်ဖိုး၏ ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် တင်းကြပ်သည့်မူဝါဒကို ဆက်လက်ကျင့်သုံးနိုင်သည့်အတွက် အမေရိကန်ဗဟိုဘဏ် Federal Reserve အနေဖြင့် အတိုးနှုန်းလျှော့ချမှု ၁ ကြိမ်အနည်းဆုံးပြုလုပ်ခဲ့မည်ဆိုပါက ယခုနှစ်ကုန်တွင် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏အတိုးနှုန်းကွာခြားမှုမှာ လျော့နည်းလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: The Nikkei Asia (၃၁-၅-၂၀၂၄)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)