International News

ယူကေနိုင်ငံမှ ရွှေ ၁၀၀ မက်ထရစ်တန်အား ပြည်တွင်းရှိ ရွှေတိုက်များသို့ပြောင်းရွှေ့ခဲ့သည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံသည် ယူကေနိုင်ငံမှ ရွှေ ၁၀၀ မက်ထရစ်တန်အား ပြည်တွင်းရှိ ရွှေတိုက်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း The Hindu သတင်းဌာနက မေလ ၃၁ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင် အဆိုပါပမာဏသည် ၁၉၉၁ ခုနှစ်မှစ၍ကြည့်လျှင် အများဆုံးရွှေ့ပြောင်းမှုတစ်ခုဖြစ်ကာ အဆိုပါကာလက တိုင်းပြည်၏နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပြည်တွင်းမှ ရွှေအမြောက်အများကို ပြည်ပရှိဘဏ်များသို့ လွှဲပြောင်းခဲ့ဖူးကြောင်း သိရသည်။

၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ရွှေသားကိုင်ဆောင်မှုသည် ၂၇ ဒသမ ၄၆ မထရစ်တန်သို့ တိုးမြင့်လာခဲ့ပြီး၊ စုစုပေါင်းအရံရွှေသားကိုင်ဆောင်မှု ၈၂၂ မထရစ်တန်ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံသည် ရွှေကဲ့သို့အဖိုးတန်ပစ္စည်းပမာဏအများစုကို ပြည်ပတွင်ထားရှိကြောင်းနှင့် အင်္ဂလန်ဘဏ်ကဲ့သို့ အခြားနိုင်ငံများရှိဘဏ်များ၌ အပ်နှံထားလေ့ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ယခုအခါ ရွှေသား ၁၀၀ မက်ထရစ်တန်အား ပြည်တွင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည့်အတွက် ပြည်တွင်းရွှေတိုက်များရှိ စုစုပေါင်းရွှေသားပမာဏမှာ ၄၀၈ မက်ထရစ်တန်ကျော်ရှိမည်ဖြစ်ကာ ပြည်တွင်းပြည်ပနှစ်ရပ်စလုံး၌ထားရှိ သောအရံရွှေသားပမာဏမှာ ညီမျှသွားဖွယ်ရှိသည်ဟု အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

မေလ(၃၀)ရက်နေ့က ထုတ်ပြန်သော အိန္ဒိယဗဟိုဘဏ်၏အစီရင်ခံစာတွင် ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေခြင်းအတွက် ကျောထောက်နောက်ခံအဖြစ် ရွှေသား ၃၀၈ မထရစ်တန်ကျော်အား ကိုင်ဆောင်ထားကြောင်းနှင့် အခြားရွှေသား ၁၀၀ ဒသမ ၂၈ မက်ထရစ်တန်အား ဘဏ်လုပ်ငန်းဆိုင်ရာရပိုင်ခွင့်အဖြစ် ပြည်တွင်း၌ကိုင်ဆောင်ထားရှိကြောင်း ဖော်ပြထားသည်။ထို့ကြောင့် နိုင်ငံတွင်း၌ စုစုပေါင်းအရန်ရွှေသားကိုင်ဆောင်မှုမှာ ၄၁၃ဒသမ၇၉ မထရစ် တန်ရှိကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ်များအတွင်း ရွှေသားအမြောက်အများကို ဝယ်ယူခဲ့ကာ ပြည်ပ၌ထားရှိသော အရန်ရွှေသားအချို့အား ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းရယူခဲ့ခြင်းသည် ပုံမှန်သုံးသပ်ချက်နှင့် လုပ်ထုံးလုပ်နည်းတစ်ရပ်သာဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်က အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ ရွှေသား ၂၀၀ မထရစ်တန်အားဝယ်ယူခဲ့ပြီးနောက် အခြားသောဒုတိယအဆင့်ဈေးကွက်များ(secondary market)မှတစ်ဆင့် ရွှေသားများကိုဝယ်ယူကာ ၎င်း၏ နိုင်ငံခြားငွေရပိုင်ခွင့်များအား ပုံစံခွဲခြား၍ ရင်းနှီးမြှုပ်နှံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါရွှေများကို လွှဲပြောင်းရယူရာတွင် တန်ဖိုးအားဖြင့် ကြီးမြင့်သည့်အတွက် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၊ အိန္ဒိယဗဟိုဘဏ်နှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အတူတကွပူးပေါင်း၍ ကိုင်တွယ်ဆောင်ရွက်ဖွယ်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ဖော်ပြသည်။

ယခုအခါ အိန္ဒိယနိုင်ငံသည် အဆိုပါအရန်ရွှေသားများကို မွန်ဘိုင်းနှင့် Nagpur ရှိ လုံခြုံရေးအဆင့်မြင့်မားသော ရွှေတိုက်များ၌ သိုလှောင်ထားရှိကြောင်း သိရသည်။

ရည်ညွှန်း။          The Hindu, India moves 100 metric tonnes of gold from U.K. to domestic vaults, May 31, 2024        

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News