လာအိုနိုင်ငံမှငှက်ပျောသီးများကို တရုတ်-လာအိုမီးရထားကုန်စည်ပို့ဆောင်ရေးဖြင့် “ကွန်တိန်နာ တစ်လုံးတိုက်ရိုက်ပို့ဆောင်”စနစ်ဖြင့် ချုံချင့်မြို့သို့ ပုံမှန်တင်သွင်းလျက်ရှိပြီး ယခုနှစ်အတွင်း စုစုပေါင်းတန်ချိန် ၂,၀၀၀ ရောက်ရှိပြီးဖြစ်ကြောင်းကို ၈-၇-၂၀၂၆ ရက် New Land and Sea corridor in the west အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြပါရှိပါသည်။
ချုံချင့်၊ လျန်ယွင်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်၏ ဒုတိယအထွေထွေမန်နေဂျာဂန်ရွေ့(Gan Rui)က “ဇူလိုင်လ ၃ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့ ဂွိုယွမ်(Guoyuan)ဆိပ်ကမ်းမီးရထားကုန်စည်လိုင်းသို့ အနောက်ပိုင်းကုန်း-ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်း(New International Land-Sea Trade Corridor) မှတစ်ဆင့် လာအိုနိုင်ငံမှ ငှက်ပျောသီးများတင်ဆောင်လာသော ရထားတစ်စင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုရထားသည် ယခုနှစ်အတွင်း “ကွန်တိန်နာတစ်လုံးတိုက်ရိုက်ပို့(One Container Direct Delivery)” စနစ်ဖြင့် ချုံချင်းသို့ ရောက်ရှိလာခြင်းမှာ ၂၈ ကြိမ်မြောက်တင်ပို့မှုဖြစ်ပြီး၊ ငှက်ပျောသီး ၇၅ တန်တင်ဆောင်လာခဲ့ပါသည်။
ထိုငှက်ပျောသီးများကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှ တိုက်ရိုက်တင်ပို့ခဲ့ပြီး၊ ချုံချင့်မြို့ ဂွိုယွမ်(Guoyuan)ဆိပ်ကမ်းတွင် ချုံချင့်အကောက်ခွန်ဌာန၏ သတ်မှတ်ထားသော စစ်ဆေးရေးနေရာ၌ အရည်အသွေးနှင့် အပင်ကျန်းမာရေး(Inspection and Quarantine)စစ်ဆေးပြီးနောက် ချုံချင့်ဒေသရှိ အသီးဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချခဲ့ပါသည်။
ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ခဲ့သည့် စမ်းသပ်အစီအစဉ်မှစ၍ အနောက်ပိုင်း ကုန်း-ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းအသစ်မှတစ်ဆင့် “ကွန်တိန်နာတစ်လုံးတိုက်ရိုက်ပို့” စနစ်ဖြင့် ချုံချင့်မြို့သို့ တင်သွင်းလာသော လာအိုငှက်ပျောသီးပမာဏမှာ တန်ချိန် ၂,၀၀၀ အထိ ရောက်ရှိလာခဲ့ပြီး၊ ယခုအခါပုံမှန်လည်ပတ်သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် တည်ငြိမ်မှုရှိနေခဲ့ပြီဖြစ်ပါသည်။
အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Yuxinou (Chongqing) Supply Chain Management Co., Ltd. ၏လုပ်ငန်းခွင်တာဝန်ခံ ရှန်းယင်ဖေး(Xiang Yingfei) က ယခင်ကုန်စည်များကို မိုဟန် (Mohan)နယ်စပ်စစ်ဆေးရေးဂိတ်တွင် ယာဉ်ပြောင်းလဲခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းကို စောင့်ဆိုင်းရကြောင်း၊ ယခုအခါစနစ်အတွင်း ကုန်စည်များရောက်ရှိမှုကို အတည်ပြုရုံဖြင့် ချုံချင့်ဆိပ်ကမ်းအကောက်ခွန်များ၏စစ်ဆေးမှုအပြီးတွင် ချက်ချင်းဖြန့်ချီနိုင်ပြီဖြစ်ကြောင်း၊ ယခင်နေရာစုံ ပြေးလွှားနေရသည့် လုပ်ငန်းစဉ်များမှ ယခုအခါတွင် ကုန်စည်များရောက်ရှိလာခြင်းကို မိမိနေရာတွင် စောင့်ယူသည့် အခြေအနေဖြစ်လာပါသည်။
ယခင်စနစ်အရ လာအိုငှက်ပျောသီးများကို နယ်စပ်အထိ ကုန်တင်ကားဖြင့်သယ်ဆောင်ပြီးနောက် အကောက်ခွန်ရှင်းလင်းမှုပြီးစီးမှသာ တရုတ် နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးယာဉ်များသို့ ထပ်မံပြောင်းတင်ရသည်။ ယင်းလုပ်ငန်းစဉ်ကြောင့် ကုန်ချလုပ်သားစရိတ်မြင့်တက်ခြင်း၊ ယာဉ်စောင့်ဆိုင်းချိန်ကြာမြင့်ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွင်း ကုန် ပစ္စည်း(သစ်သီး)ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခြင်းစသည့် အခက်အခဲများရှိခဲ့ပြီး အထူးသဖြင့် နွေရာသီကာလတွင် နယ်စပ်၌ တစ်ရက်ထပ်မံ ကြာမြင့်တိုင်း သစ်သီးအရည်အသွေးကျဆင်းလာပြီး ရောင်းဈေးအပေါ်ပါ ထိခိုက်မှုရှိခဲ့ပါသည်။
ချုံချင့်အကောက်ခွန်ဌာနသည် လုပ်ငန်းများရင်ဆိုင်နေရသည့် အခက် အခဲများကို လေ့လာပြီးနောက် "အနောက်ပိုင်းကုန်း-ပင်လယ်ကုန်သွယ် ရေးလမ်းကြောင်းသစ်”မှ တင်သွင်းလာသော သစ်သီးများကို ရောက်ရှိရာနေရာတွင် စစ်ဆေးခွင့်ပြုသည့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး၏ အဓိကစီမံကိန်းအဖြစ် အကောင်အထည်ဖော်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် ရလဒ်အနေဖြင့် ရာသီပေါ်သစ်သီးများ သယ်ယူပို့ဆောင်ရာတွင် အမြန်လမ်းကုန်တင်ကားကုန်ကျစရိတ်နှင့် လောင်စာဆီဈေးနှုန်းမြင့်တက်နေသည့်အခြေအနေ၌ “မီးရထားအခြေ ပြုသယ်ယူပို့ဆောင်ရေး”သည်ပိုမိုယှဉ်ပြိုင်နိုင်လာပြီး၊ပုံမှန်လမ်းကြောင်း ပို့ဆောင်ရေးများနှင့်နှိုင်းယှဉ်ပါက စုစုပေါင်းထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို ၁၈ ရာခိုင်နှုန်းအထိလျှော့ချနိုင်ခဲ့ကြောင်း၊ ထို့အပြင် ချုံချင့်ဆိပ်ကမ်းအကောက်ခွန်မှကုန်စည်ရောက်ရှိသည်နှင့်"ရောက်ရောက် ချင်းစစ်ဆေး"(Check upon Arrival)အစီအစဉ်များကို ချက်ချင်းဖွင့်လှစ်ကာ နိုင်ငံ၏ဇီဝလုံခြုံရေးများကို ကာကွယ်ပေးသည့်အပြင် ငှက်ပျောသီးများ၏ အကောက်ခွန်ရှင်းလင်းမှုကိုလည်း အရှိန်မြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။
ချုံချင့်အကောက်ခွန်ဌာန၊ တိရစ္ဆာန်နှင့်အပင်ကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးကျောက်ခိုင်(Zhao Kai)က “တရုတ်-လာအိုမီးရထား လမ်းသည် အပြည်ပြည်ဆိုင်ရာ အနောက်ပိုင်းကုန်း-ပင်လယ်ကုန်သွယ် ရေးလမ်းကြောင်းသစ်၏ အရေးပါသော“ရွှေလမ်းကြောင်း”တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံများ၏ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များကို တရုတ်ဈေးကွက်သို့ လျှင်မြန်စွာတင်သွင်းနိုင်သည့် အမြန်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ချုံချင့်အကောက်ခွန်ဌာနသည်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးဆိုင်ရာအထူးအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် “ကွန်တိန်နာတစ်လုံးတိုက်ရိုက်ပို့(One Container Direct Delivery)”ကဲ့သို့သော ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးအစီအမံများကို ပိုမိုတိုးချဲ့ကျင့်သုံးကာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း” ပါသည်။
(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)