တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် အဓိကအခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် လက်ရှိကာလတွင် အခြားတိုင်းဒေသကြီးများမှ အဓိက တင်သွင်းဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဝယ်လိုအားနှင့်အညီ ရောင်းဝယ်လျက်ရှိသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပခုက္ကူဒေသများမှ ကားလမ်းကြောင်းဖြင့် တင်ပို့လာကြပြီး မြိတ်မြို့ရှိစျေးများနှင့် ပွဲရုံများသို့ ဖြန့်ချိရောင်းချလျက်ရှိသည်။ လက်ရှိအချိန်တွင် မြိတ်မြို့သို့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဝင်ရောက်မှုမှာ ပုံမှန်ရှိနေသော် လည်းသယ်ယူပို့ဆောင်ရေးစရိတ်နှင့် ကုန်ပစ္စည်းဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် စားသုံးသူများအနေဖြင့် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နေ့စဉ်အသုံးပြုမှုများရှိနေသဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားမှာ ပုံမှန်ရှိနေပြီး ဈေးနှုန်းများမှာ အချို့အချိန်များတွင် အနည်းငယ်အတက်အကျရှိနိုင်ကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မြိတ်မြို့ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းများတွင် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများသည်အဓိကမပါမဖြစ်သော စားဖိုချောင်သုံးဖြစ်သည့်အပြင် အလွယ်တကူဝယ်ယူချက်စားရသော အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန်နီ တစ် ပိဿာလျှင် (၅၀၀၀)ကျပ် မှ (၅၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် မှ(၁၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်မှ (၁၄၅၀၀)ကျပ်ခန့်ရှိကြောင်း မြိတ်မြို့ကုန်စုံဆိုင်များမှ သိရှိရပါသည်။
Source: https://www.doca.gov.mm/