တရုတ်နိုင်ငံသည် ၆-၇-၂၀၂၆ ရက်နေ့မှစတင်၍ ဓာတ်ဆီနှင့်ဒီဇယ်လက်လီရောင်းချသည့် အမြင့်ဆုံးသတ်မှတ်ဈေးနှုန်းများကို လျှော့ချသွားမည်ဖြစ်ပြီး၊ ယင်းသည် သုံးကြိမ်ဆက်တိုက်ဈေးနှုန်းလျှော့ချခြင်းဖြစ်ကြောင်း၊ ခြောက်နှစ်နီးပါးအတွင်း သတ်မှတ်ဈေးနှုန်းအများဆုံးပမာဏဖြင့် လျှော့ချခြင်းဖြစ်ကြောင်းကို ၅-၇-၂၀၂၆ ရက် China Daily သတင်းစာမျက်နှာတွင် ဖော်ပြပါရှိပါသည်။
တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်(The National Development and Reform Commission-NDRC)၏ထုတ်ပြန်ချက်အရ ဓာတ်ဆီဈေးနှုန်းကို တစ်တန်လျှင် ၉၅၀ ယွမ်နှင့် ဒီဇယ်ဈေးနှုန်းကို တစ်တန်လျှင် ၉၁၅ ယွမ်လျှော့ချမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံမိုက်ခရိုစီးပွားရေးသုတေသနအကယ်ဒမီလက်အောက်ရှိ စွမ်းအင်သုတေသနဌာန၏ စီးပွားရေးဗဟိုဌာနအကြီး အကဲတျန်းလီ(Tian Lei)က ယခုကဲ့သို့ဈေးနှုန်းလျှော့ချရခြင်းမှာ အရှေ့ အလယ်ပိုင်းဒေသတွင် တင်းမာမှုများလျော့ပါးလာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)မှတစ်ဆင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးများ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခြင်းတို့ကြောင့် နိုင်ငံတကာရေနံစိမ်းဈေးနှုန်းများမကြာသေးမီကမြင့်တက်ခဲ့သည့်အခြေ အနေမှ ပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းများလျှော့ချခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ လက်ရှိရေနံဈေးနှုန်းသတ်မှတ်သည့်စနစ်အရ ပြည်တွင်းဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများကို နိုင်ငံတကာ၏ရေနံစိမ်းဈေးနှုန်းအပြောင်းအလဲများနှင့်အညီ “အလုပ်လုပ်ရက် ၁၀ ရက်တိုင်း” ပြန်လည်ချိန်ညှိသတ်မှတ်ခြင်းပြုလုပ်ပြီး၊ယခုဈေးနှုန်းလျှော့ချမှုကြောင့် ကိုယ်ပိုင် ကားအသုံးပြုသူများသည် ဆီအပြည့်ဖြည့်လျှင် “ယွမ် ၄၀ ခန့်”သက်သာမည်ဖြစ်ပြီး၊ ကုန်တင်ယာဉ်များအတွက် တစ်ကြိမ်ဆီအပြည့်ဖြည့်လျှင် “ယွမ် ၄၀၀ ခန့်”သက်သာမည်ဖြစ်ကြောင်း စီးပွားရေးဗဟိုဌာန အကြီးအကဲတျန်းလီက ပြောကြားခဲ့ပါသည်။
NDRC ကလည်း အဓိကရေနံထုတ်လုပ်ရေးနှင့် ရေနံချက်လုပ်ငန်းများအား ဈေးကွက်အတွင်း လောင်စာဆီလုံလောက်စွာဖြန့်ဖြူးပေးရန်နှင့် နိုင်ငံ၏ဈေးနှုန်းများသတ်မှတ်ရေးမူဝါဒများကို တင်းကြပ်စွာအကောင် အထည်ဖော်ရန်တိုက်တွန်းခဲ့ပါသည်။ တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ် ချက်များသည် စွမ်းအင်သုံးစွဲမှုများတဖြည်းဖြည်းပြောင်းလဲလာသည်နှင့်အမျှ လိုအပ်ချက်များလည် ဆက်လက်မြင့်တက်လျက်ရှိပါသည်။ တရား ဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏စုစုပေါင်းစွမ်းအင်သုံးစွဲမှုသည် “ကျောက်မီးသွေးတန်ချိန် ၆.၁၇ ဘီလီယံ”အထိရောက်ရှိခဲ့ပြီး၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထို့အပြင် ရေနံစိမ်းသုံးစွဲမှုသည် ၃.၆ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး၊ နေရောင်ခြည်စွမ်းအင်၊ လေနှင့် ရေအားလျှပ်စစ် စသည့်သန့်ရှင်းသောစွမ်းအင်(Clean Energy)၏ အသုံးပြုမှုအချိုးအစားများမှာလည်း ဆက်လက်တိုးတက်လာနေပါသည်။
(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)