Bengal Initiative for Multi-Sectoral Technical and Economic Cooperation –BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်းကုန်သွယ်ရေးကို မြှင့်တင်ရန်နှင့် စီးပွားရေးပိုမိုခိုင်မာစေရန် BIMSTEC လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်အတွက် ထိုင်းနိုင်ငံက အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။
၆ ကြိမ်မြောက် Bengal Initiative for Multi-Sectoral Technical and Economic Cooperation–BIMSTEC ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ရာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြပါကြောင်း၊ ထိပ်သီးအစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra က ထိုင်းနိုင်ငံသို့လည်း သက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်တွင်းထိခိုက်၍ အသက်ဆုံးရှုံးခဲ့ရသည့်ပြည်သူများအတွက် လွန်စွာဝမ်းနည်းကြေကွဲကြောင်းကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ၁ မိနစ်ငြိမ်သက်ခြင်းဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရှိရပါသည်။
ယနေ့တွေ့ဆုံမှုသည် တိုးတက်ရေးကိုသာ ဦးစားပေးခြင်းမဟုတ်ဘဲ ကြံ့ခိုင်မှုကိုလည်း ဦးစားပေးရမည်ဖြစ်ကြောင်း ဒေသတွင်းမျှဝေသော စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများကို မီးမောင်းထိုးပြောကြားခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးသည် ၇ နှစ်ကြာဆိုင်းငံ့ထားခဲ့ပြီးနောက် လူပုဂ္ဂိုလ်ချင်းတွေ့ဆုံသည့် အစည်းအဝေးဖြစ် ကြောင်း၊စီးပွားရေးချိတ်ဆက်မှုတိုးတက်စေရန်၊ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူ ၁.၈ ဘီလီယံကို ထိခိုက်ခဲ့သော ဒေသတွင်းစိန်ခေါ်မှုကို ပြင်ဆင်သွားမည့် ထိုင်းနိုင်ငံ၏ “Vision Bangkok 2030” ကို ထိုင်းနိုင်ငံက အဆိုပြုခဲ့ပါကြောင်း၊ အဓိကအဆိုပြုလွှာတစ်ခုမှာ လက်ရှိဒေသတွင်းစုစုပေါင်းကုန်သွယ်မှု၏ ၆ ရာခိုင်နှုန်းမျှသာရှိသော ဒေသတွင်းကုန်သွယ်မှုကိုမြှင့်တင်ရန်ရည်ရွယ်သည့် BIMSTEC FTA တည်ထောင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ FTA သည် ဒေသတွင်းစီးပွားရေးအလားအလာကို ဖော်ထုတ်ပေးသွားမည်ဖြစ်ပြီး နိုင်ငံအားလုံးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးရန်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးသဘောတူစာချုပ်များအပြင် ထိုင်း၊ မြန်မာနှင့် အိန္ဒိယကို ဆက်သွယ်ပေးမည့် ကုန်းမြေချိတ်ဆက်စီမံကိန်းအဆိုပြုချက်သည် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ထိုင်းနိုင်ငံ၏ကတိကဝတ်ကို ပြသခဲ့ပါကြောင်း၊ ဒေသတွင်းကုန်သွယ်ရေးလမ်းကြောင်းကို အားကောင်းစေရန်ဖြစ်သော်လည်း ငလျင်ကြောင့် နှောင့်နှေးမှုများကြုံတွေ့နေရာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကြံ့ခိုင်မှု၏လိုအပ်ချက်ကို ပြသနေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေးတွင် ပတ်ဝန်းကျင်ဆိုင်ရာရေရှည်တည်တံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဦးစားပေးဆွေးနွေးခဲ့ကြောင်း၊ ဒီဂျစ်တယ်အဆောက်အဦဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့် ကပ်ရောဂါကိုဖြေရှင်းရန် ဉာဏ်ရည်တု(Artificial Intelligence-AI)ကဲ့သို့သောအဆင့်မြင့်နည်းပညာအသုံးပြုမှုကိုလည်း ဆွေးနွေးခဲ့ပါကြောင်း၊ ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များကို ဖြေရှင်းရန် BIMSTEC အတွင်း “Center of Excellence for Tropical Medicine” တည်ထောင်ရန် အဆိုပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ငလျင်ဒဏ်တွင် တွေ့ကြုံခဲ့ရသည်များမှ ဒေသတွင်းသဘာဝဘေးအန္တရာယ် တုန့်ပြန်မှုစွမ်းရည်မြှင့်တင်နိုင်ရေး BIMSTEC သဘာဝဘေးစီမံခန့်ခွဲမှုစင်တာတည်ထောင်ရန် အိန္ဒိယ၏အဆိုပြုလွှာကို ထောက်ခံကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးမှုများတွင် လူကုန်ကူးမှု၊ တရားမဝင်ဆေးဝါးကုန်သွယ်မှုနှင့် ဆိုက်ဘာမှုခင်းစသည့် နယ်စပ်ဖြစ်ကျော်မှုခင်းပြဿနာများကို ဆွေးနွေးခဲ့ပါကြောင်း၊ ရေရှည်တည်ငြိမ်မှုနှင့် ဒေသတွင်းပေါင်းစည်းမှုအတွက် လူငယ်ချိတ်ဆက်မှုနှင့် ကျား/မတန်းတူညီမျှမှု၏ အရေးပါပုံကို အလေးထားဆွေးနွေးခဲ့ကြကြောင်း၊ ဒေသတွင်းအနာဂတ်တိုးတက်မှုအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏အခန်းကဏ္ဍကို မြှင့်တင်ရန် BIMSTEC စီးပွားရေးအကြံပေးကောင်စီကို တည်ထောင်ရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့ကြောင်း၊ ဒေသတွင်းတည်ငြိမ်မှုနှင့် အကျိုးစီးပွားအတွက် ကတိကဝတ်များစွာဖြင့် ထိပ်သီးအစည်းအဝေးကို အဆုံးသတ်ခဲ့ကြောင်း၊ လာမည့် BIMSTEC အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)