International News

တရုတ်နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ထိုင်းဒူးရင်းသီးများအတွက်စစ်ဆေးမှုအချိန်ကို တိုးမြှင့်ခဲ့

Last Updated:

တရုတ်နယ်စပ်စစ်ဆေးရေးဂိတ်များ၌ ထိုင်းဒူးရင်းသီးများအတွက် စစ်ဆေးမှုများဆောင်ရွက်သည့်အချိန်များကို တိုးမြှင့်ရန် တရုတ်အကောက်ခွန်အရာရှိများက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုမှုကြောင့် လာအိုနှင့် နယ်စပ်ဖြစ်သော မိုဟန်စစ်ဆေးရေးဂိတ်ပိတ်သည့်အချိန်ကာလကို ၅ နာရီ ၃၀ မိနစ်မှ ၈ နာရီ ၃၀ မိနစ်သို့ပြောင်းလဲ၍ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ စစ်ဆေးသည့် ဓာတ်ခွဲခန်းအရေအတွက်ကိုလည်း ၃ ခုမှ ၅ ခုသို့တိုးမြှင့်လိုက်ပြီး ဝန်ထမ်းအရေအတွက်ကိုလည်း တိုးမြှင့်လိုက်ပါကြောင်း၊ စစ်ဆေးရေးများစွာမှ အကောက်ခွန်ဝန်ထမ်းများနှင့်ဆွေးနွေးချက်များအရ ထိုင်းဒူးရင်းသီးများသည် Basic Yellow 2 (BY2)ဆိုးဆေးကင်းစင်သည်ဟု သိရှိရပါကြောင်း၊ ယင်းတွေ့ရှိချက်များကို ဗဟိုအစိုးရထံတင်ပြ၍ ၁၀၀ ရာခိုင်နှုန်းစစ်ဆေးနေမှုမှ ၃၀ ရာခိုင်နှုန်းသာ စစ်ဆေးသွားရန်တိုက်တွန်းလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဦးစီးဌာနနှင့် ထိုင်းကုန်သွယ်ရေးရုံးတို့ပူးပေါင်း၍ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး H.E Mr. Napintorn Srisunpang က ပြောကြားခဲ့သည်။

ယခင်က ဒူးရင်းသီးသွင်းကုန်များသည် ၃၀ ရာခိုင်နှုန်းသာ စစ်ဆေးခံရပြီး ဇန်နဝါရီလမှစ၍ ကုန်သေတ္တာအားလုံးကို ထိုင်းနိုင်ငံရှိ အသိအမှတ်ပြုဓာတ်ခွဲခန်းမှ စစ်ဆေးပြီးနောက် တရုတ်နယ်စပ်သို့ ရောက်ရှိချိန်တွင်လည်း အလုံးစုံစစ်ဆေးမှုကို ခံယူရပါကြောင်း၊ ယင်းသို့စိစစ်မှုမြင့်တက်လာမှုကြောင့် နှောင့်နှေးမှုများဖြစ်ပေါ် လာခဲ့ပြီး သယ်ယူပို့ဆောင်သည့်အချိန်ကာလသည် ၈ ရက်ထိ ရောက်ရှိလာပါ ကြောင်း၊ အမြင့်ဆုံးခူးဆွတ်သည့်ရာသီတွင် စစ်ဆေးမှုသည် ၁၀ ရက်ထိကြာမြင့်နိုင်ပြီး ပို့ဆောင်မှုကြာချိန်သည် ရက် ၂၀ ထိရောက်ရှိလာနိုင်သဖြင့် ဒူးရင်းသီးအရည် အသွေးနှင့် ရောင်းအားကို ထိခိုက်နိုင်ကြောင်း၊ စိုက်ပျိုးမှုတိုးချဲ့ခဲ့မှုနှင့် အထွက်နှုန်းတိုးတက်လာခဲ့သဖြင့် ၂၀၂၅ ခုနှစ်တွင် ဒူးရင်းသီးထွက်ရှိမှုသည် တန်ချိန် ၁.၇ သန်းကျော်လွန်နိုင်ပြီး ၃၇ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဒူးရင်းသီးစားသုံးမှုသည် တန်ချိန် ၂၈၀,၀၀၀ ရှိခဲ့ပြီး တန်ချိန် ၈၀၀,၀၀၀ ကိုတင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ၉၇ ရာခိုင်နှုန်းတင်ပို့ခဲ့ကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၁.၃ သန်းထိ တိုးမြှင့်တင်ပို့ရန်မှန်းထားပြီး ပြည်တွင်းစားသုံးမှု သည်လည်း တန်ချိန် ၄၀၀,၀၀၀ ထိ ရောက်ရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံတွင်းဈေးကွက်တိုးချဲ့နိုင်ရေးအတွက် အရောင်းမြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်လုပ်ငန်းရှင်အချို့ကလည်း ဒူးရင်းသီးကုန်သေတ္တာ ၁,၂၀၀ လုံးထိ တိုးမြှင့်တင်သွင်းရန် စိတ်ဝင်စားမှုပြသလျက်ရှိကြောင်း ဒုတိယဝန်ကြီး Mr. Napintorn က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News