International News

အိန္ဒိယလက်ဖက်ခြောက်ဈေးသည် ရုရှား၊ အီရန်၊ အီရတ်နှင့် UAE တို့မှ ဝယ်လိုအားများလာခြင်းကြောင့် ၁၈ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ရုရှား၊ အီရန်၊ အီရတ်နှင့် UAE ကဲ့သို့သောစျေးကွက်များမှ ဝယ်လိုအားအားကောင်းမှုကြောင့် အိန္ဒိယလက်ဖက်ခြောက်ဈေးသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်ပထမလေးလတွင် ၁၈% မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ပြည်ပတင်ပို့ရန် ဝယ်လိုအားဆက်လက်အားကောင်းနေမှုနှင့် စားသောက်ကုန်ကုမ္ပဏီကြီးများဖြစ်သော Hindustan Unilever နှင့် Tata Consumer Products တို့က ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များအတွက် ဝယ်ယူမှုများတိုးမြင့်လျက်ရှိမှုတို့နှင့်အတူ လေလံရောင်းချသူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက လက်ဖက်ခြောက်ဈေးနှုန်းမှာ ဆက်လက်အားကောင်းနေပြီး ပြည်ပတင်ပို့မှုမှာလည်း  ယခင်နှစ်တင်ပို့ရောင်းချမှုအခြေအနေအတိုင်း ဆက်လက်ရှိတည်ရှိနေမည်ဟု  မျှော်မှန်းလျက်ရှိနေကြသည်။

သို့သော်လည်း လက်ဖက်ခြောက်ထုပ်ရောင်းချသည့်ကုမ္ပဏီများသည် စျေးကွက်ဝေစုဆုံးရှုံးခြင်းအန္တရာယ်ကို မလိုလားသောကြောင့် ပြည်တွင်းစားသုံးသူများအတွက်စျေးနှုန်းတိုးမြှင့်ရန် လောလောဆယ်အစီအစဉ်မရှိသေးကြောင်း ကုန်သည်အသင်းအဖွဲ့များက ပြောကြားထားသည်။

လက်ဖက်ဘုတ်အဖွဲ့(Tea Board)၏ကိန်းဂဏန်းများအရ ဇန်နဝါရီမှဧပြီလအတွင်း လက်လီလက်ကားဈေးသည် တစ်ကီလိုဂရမ်လျှင် ယခင်နှစ်က ၁၃၆.၄၁ ရူပီးသာရှိရာမှ ယခုနှစ်တွင် ၁၆၀.၄၉  ရူပီးသို့မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယလက်ဖက်ခြောက်အတွက် ဝယ်လိုအားသည် နိုင်ငံတကာတွင် အားကောင်းနေဆဲဖြစ်ပါကြောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ရုရှားနိုင်ငံတို့မှ အိန္ဒိယလက်ဖက်ခြောက်ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လျက်ရှိကြောင်း၊ အရည် အသွေးကောင်းမွန်သည့်ပရီမီယံရိုးရာလက်ဖက်ခြောက်ကို ယင်းနိုင်ငံများကဝယ်ယူ ကြကြောင်း၊ ယခုအရှိန်အဟုန်အတိုင်းဆက်သွားနေပါက နိုင်ငံ၏လက်ဖက်ခြောက် တင်ပို့မှုသည် မနှစ်ကတင်ပို့မှုထက်ကျော်လွန်သွားနိုင်ကြောင်း  ကော်လ်ကတ္တားမြို့ အခြေစိုက် လက်ဖက်တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Asian Tea ၏ ဒါရိုက်တာ Mohit Agarwal က ပြောကြားထားသည်။  

အာသံရိုးရာလက်ဖက်ခြောက်၏စျေးနှုန်းသည်လေလံပွဲ၌ တစ်ကီလိုလျှင် ၃၁၄ ရူပီးအထိ စံချိန်တင်မြင့်မားခဲ့ကြောင်း၊  Guwahati နှင့် Kolkata ရှိ ဒုတိယတန်းစားလက်ဖက်ခြောက်များသည် ဇွန်လဒုတိယပတ်မှစတင်၍ လေလံတင်ရောင်းချသည့်စင်တာများသို့ စတင်ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်အတွက်  အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ အိန္ဒိယလက်ဖက်ခြောက်များကို ဆက်လက်ဝယ်ယူနိုင်သောကြောင့် စံချိန်တင်ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို ဆက်လက်မျှော်လင့်ထားနိုင်ကြောင်း Agarwal မှပြောကြားခဲ့သည်။  

အိန္ဒိယသည် ၂၀၂၄ ခုနှစ်တွင် လက်ဖက်ခြောက်ကီလိုဂရမ် ၂၅၅ သန်း၊ တန်ဖိုးရူပီး ၇၁၁၁၀ သန်းအားတင်ပို့ခဲ့ပြီး ကမ္ဘာ့လက်ဖက်ခြောက်တင်ပို့မှုတွင် ယခင်က အဆင့် ၄ နေရာတွင်ရှိရာမှ အဆင့် ၃ နေရာရှိ သီရိလင်္ကာနိုင်ငံကို အစားထိုးရယူနိုင်ခဲ့ပါကြောင်း၊ လက်ဖက်တင်ပို့မှုတွင် အာသံပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့မှ တင်ပို့မှုသည် စုစုပေါင်းကီလိုဂရမ် ၁၅၄ ဒသမ ၈၁ သန်း၊ တန်ဖိုးအားဖြင့် ရူပီး ၄,၈၃၃၀ သန်းထိပါရှိကြောင်း သိရှိရသည်။     

၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ထုတ်လုပ်မှုသည်လည်း ယခင်နှစ်ထက် တိုးမြင့်လာခဲ့ကြောင်း၊ လက်ဖက်လုပ်ငန်းရှင်များက လက်ဖက်ခြောက်များအားအပြင်း အထန်ဝယ်ယူနေကြသော်လည်း စားသုံးသူများအတွက် ဈေးနှုန်းမြှင့်ရန် လောလော ဆယ်အစီအစဥ်မရှိသေးကြောင်း၊ ဈေးနှုန်းများအနည်းငယ်တက်သွားနိုင်ပါကြောင်း၊ သို့ရာတွင် ယခုအချိန်တွင် ပြောကြားရန်မှာ စောနေပါသေးကြောင်း၊ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ဈေးကွက်ဝေစုဆုံးရှုံးခြင်းကို မည်သူမျှမလိုလားကြကြောင်း၊  ဂူဂျာရတ်အခြေစိုက် Jivraj Tea ၏ ဥက္ကဋ္ဌ Viren Shah က ပြောကြားခဲ့သည်။

ကော်ကတ္တားလက်ဖက်ကုန်သည်များအသင်း၏အတွင်းရေးမှူး J Kalyanasun daram က HUL နှင့် Tata Consumer Products ကဲ့သို့သော အဓိကကုမ္ပဏီများသည် အစိုးရကပြုလုပ်သည့် ၁၀၀ ရာခိုင်နှုန်းကြိတ်ခွဲထားသည့် လက်ဖက် ခြောက်မှုန့်(100% CTC dust teas)လေလံပွဲတွင် ဝယ်ယူမှုများတိုးမြှင့်ခဲ့ပြီးနောက် လက်ဖက်ခြောက်မျိုးစုံ၏ ဈေးနှုန်းများမှာ  တစ်ကီလိုဂရမ်လျှင် ၁၉ ရူပီး  မှ ၂၀ ရူပီး အထိတက်သွားကြောင်း ပြောကြားခဲ့သည်။

Source: India tea prices rise 18% as demand surge from Russia, Iran, Iraq and UAE, 5 June, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News