၁-၇-၂၀၂၅ ရက်နေ့မှစတင်၍ တင်သွင်းသည့်ဆန်ဈေးနှုန်းအား တစ်ကီလိုလျှင် ၄၅ ပီဆိုမှ ၄၃ ပီဆိုသို့ လျှော့ချသတ်မှတ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ လျှော့ချသတ်မှတ်ရခြင်းမှာ လတ်တလောကမ္ဘာ့ဆန်ဈေးနှုန်းကျဆင်းနေမှုကို အကာအကွယ်ဖြစ်စေရန်အတွက်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်ဗဟိုဘဏ်မှလည်း အလုပ်အကိုင်၊ အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ဆောင်ချက်များပိုမိုဆောင်ရွက်နိုင်ရန် အတိုးနှုန်းများလျှော့ချပေးလျက်ရှိပြီး ထို့မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်ရာတွင် အကူအညီအထောက်အပံ့ဖြစ်စေသည့် ငွေကြေးဖောင်းပွနှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆန်စပါးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်း(Rice Inflation)သည်လည်း ကျဆင်းလျက်ရှိပြီး rice-for-all program အောက်မှရောင်းချမည့်ရည်ညွှန်းဈေးကို ညှိနှိုင်းသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ တင်သွင်းလာသည့်ဆန်များအား ဈေးကွက်တွင်းရောင်းချရမည့် ရည်ညွှန်းဈေးသတ်မှတ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဆန်တင်သွင်းမှု အပေါ် ကောက်ခံသည့်အခွန်နှုန်းထားအား ၃၅% မှ ၁၅% သို့ လျှော့ချခဲ့ခြင်းကို ဆက်လက်သက်တမ်းတိုးခဲ့ခြင်းကြောင့် ဈေးကွက်ထိခိုက်မှုမရှိစေရန်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့ခြင်းကို ပြန်လည်ခွင့်ပြုခဲ့သဖြင့် ကမ္ဘာ့ဆန်ဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့် ရည်ညွှန်းဈေးသတ်မှတ်သည့်စနစ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။ ၂၈-၁-၂၀၂၅ ရက်နေ့တွင် တစ်ကီလိုလျှင် ၅၈ ပီဆိုသတ်မှတ်ရာမှ ၃၁-၃-၂၀၂၅ ရက်နေ့တွင် တစ်ကီလိုလျှင် ၄၅ ပီဆိုသို့ တဖြည်းဖြည်းချင်းလျှော့ချခဲ့ပါကြောင်း၊ ယခု တစ်ကီလိုလျှင် ၄၃ ပီဆိုအဖြစ် ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ပါသည်။
သမ္မတမားကို့စ်ဂျူနီယာ၏ သမ္မတသက်တမ်းပြီးမြောက်မည့် ၂၀၂၈ ခုနှစ်တာကာလအထိ ဆန်တစ်ကီလိုလျှင် ပီဆို ၂၀ သတ်မှတ်ပြီး အစိုးရမှရောင်းချပေးနေသည့် rice program များကိုလည်း ချဲ့ထွင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအစီအစဉ်များအရ ၄-၆-၂၀၂၅ ရက်နေ့အထိ လူပေါင်း ၄၀,၀၀၀ နီးပါး သို့မဟုတ် အိမ်ထောင်စုပေါင်း ၉,၄၈၇ အတွက် အထောက်အပံ့ဖြစ်စေခဲ့ပါကြောင်း စိုက်ပျိုး ရေးဝန်ကြီးဌာနမှ ပြောကြားထားသည်ကိုတွေ့ရှိရပါသည်။ အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့၏ သတ်မှတ်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၃၃ ပီဆိုဖြစ်သဖြင့် ကွာဟချက် ၁၃ ပီဆိုကိုကာမိစေရန် သက်ဆိုင်ရာဒေသအာဏာပိုင်အစိုးရ အဖွဲ့အစည်းများနှင့် Food Terminal Inc. တို့မှ တစ်ကီလိုလျှင် ၆.၅၀ ပီဆိုကျခံပေးရန်လိုအပ်ပါသည်။ အစိုးရနောက်ခံ ဆန်သက်သာဆိုင်များဖြစ်သော Kadiwa Outlets များတွင် ဆန်တစ်ကီလိုရောင်းချခြင်းမှ ၉ ပီဆိုကို အဆိုပါ Food Terminal Inc. များမှ ရရှိခံစားကြောင်း ဖော်ပြပါရှိပါသည်။
ယခုကဲ့သို့ အစိုးရမှဆန်သက်သာဆိုင်များဖွင့်လှစ်ရောင်းချပေးနေခြင်းကို အမြဲတမ်းဆောင်ရွက်ပေးမည်ဆိုပါက အစိုးရ၏အသုံးစရိတ်နှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေများကို အသေးစိတ်လေ့လာပြီး မူဝါဒများချမှတ်နိုင်ရေး အောက်လွှတ်တော်ကိုယ်စားလှယ်များသို့ ညွှန်ကြားထားကြောင်း ဖော်ပြထားပါသည်။ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အဆိုပါအစီအစဉ်များဆောင်ရွက်ရန် ဘတ်ဂျက်အသုံးစရိတ် ပီဆို ၁၈ ဘီလီယံခွဲဝေရရှိရန် တင်ပြထားပါကြောင်းနှင့် လွှတ်တော်တွင် Legislation to institutionalize program (Draft) ကို ဆွေးနွေးသွားရန်ရှိကြောင်း ဖော်ပြပါရှိပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)