ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira သည် ကမ္ဘာ့စီးပွားရေးကွင်းဆက်တွင် အဓိကချိတ်ဆက်မှုဖြစ်သည့် နိုင်ငံ၏ရပ်တည်မှုကို အလေးပေးခြင်းဖြင့် အမေရိကန်ကုန်သည်အသင်းနှင့် ၂-၇-၂၀၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
Mr. Pichai ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်နေသော အမေရိကန်ထိပ်တန်းကုမ္ပဏီများမှ ကိုယ်စား လှယ်များအပါအဝင် အမေရိကန်ကုန်သည်အသင်းနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးသည် သတင်းအချက်အလက်၊ ထင်မြင်ချက်များနှင့် ထောက်ခံချက်များကိုမျှဝေရန် အရေးကြီးသော အခွင့်အလမ်းဖြစ်ကြောင်း၊ ဆွေးနွေးမှုများသည် စီးပွားရေးကဏ္ဍမှ ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အဟန့်အတားများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဦးတည်ဆွေးနွေးခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများဆောင်ရွက်၍ သဘောတူညီချက်များအတွက် အပြည့်အဝကတိပြုထားပြီး အားလုံးအတွက် အကျိုးရှိစေရန်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးထောက်ပံ့မှုကွင်းဆက်တွင် ထိုင်းနိုင်ငံ၏ အရေးကြီးမှုနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရနှင့် ချိတ်ဆက်သူနှင့်ဆွေးနွေးမှုအတွက် ပလက်ဖောင်းတစ်ခုဖြစ်သော အမေရိကန်ကုန်သည်အသင်း၏ထောက်ခံမှုကို ကျေးဇူးတင်ပါကြောင်း ဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့သည်။
ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်သော မူဝါဒများကို အဆင့်မြှင့်တင်ခြင်းဖြင့် အစိုးရသည် ပုဂ္ဂလိကကဏ္ဍကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်နားလည်မှုနှင့် ယုံကြည်မှုပေါ်အခြေခံ၍ နှစ်နိုင်ငံ၏စီးပွားရေးဆက်ဆံမှုများကို ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးညှိနှိုင်းမှုများသည် အပြန်အလှန် အကျိုးရှိစေသောသဘောတူညီချက်သို့ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်နှင့်ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် တိုးတက်မှုရှိနေကြောင်း၊ ထိုင်းနိုင်ငံ ၏အဆိုပြုလွှာစိတ်ဝင်စားမှုကို အမေရိကန်အနေဖြင့် တွေ့ရှိရသဖြင့် ညှိနှိုင်းမှုကာလကို သက်တမ်းတိုးနိုင်ချေရှိနိုင်ကြောင်း၊ အခွန်နှုန်းထားခြားနားသော်လည်း နိုင်ငံအားလုံးသည် တူညီသောစိန်ခေါ်မှုများ ကြုံတွေ့နိုင်ရသောကြောင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော မည်သည့်ပုဂ္ဂလိကကုမ္ပဏီများကမှ ထိုင်းကုန်စည်များအပေါ် အပြန်အလှန်အခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ စိုးရိမ်မှုမပြသပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူအများစုသည် ထိုင်းနိုင်ငံစီးပွားရေးအလားအလာကို ယုံကြည်မှုရှိနေပြီး တိုးတက်မှုအတွက် စွမ်းဆောင်ရည်ရှိကြောင်း ထိုင်းကုန်သွယ်ရေးကိုယ်စား လှယ်များ၏ ဥက္ကဋ္ဌ Ms. Nalinee Taveesin က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)