International News

ကာဗွန်ဈေးကွက်တွင် ယုံကြည်မှုများပြန်လည်ရရှိရန်အတွက် စင်ကာပူ၊ ယူကေနှင့် ကင်ညာနိုင်ငံတို့ ပါဝင်သည့် ပထမဆုံးအစိုးရမဟာမိတ်အဖွဲ့ ဖွဲ့စည်း

Last Updated:

စင်ကာပူနိုင်ငံ၊ ယူကေနိုင်ငံနှင့် ကင်ညာနိုင်ငံတို့သည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆောင်ရွက်မှုတစ်ခုအနေဖြင့် ကာဗွန်ထုတ်လွှတ်နိုင်ခွင့်(carbon credit)ကိုဝယ်ယူလိုသည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် ပထမဆုံးအစိုးရမဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် London Climate Action Week တွင် တရားဝင်ကြေညာခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် စည်းကြပ်မှုမရှိသည့် ဆန္ဒအလျောက်ကာဗွန်ဈေးကွက်၏ စံနှုန်းများကို မြှင့်တင်ရန်ရည်မှန်းချက်ဖြင့် အဆိုပါအဖွဲ့သို့ ပါဝင်လိုသည့် အခြားနိုင်ငံများကို ဖိတ်ခေါ်ထားပါသည်။ ဇွန်လ ၂၄ ရက်နေ့တွင် ပနားမားနိုင်ငံ၊ ပြင်သစ်နိုင်ငံတို့မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ပြီး ပီရူးနိုင်ငံက မဟာမိတ်အဖွဲ့ကို အတည်ပြုခဲ့ပါသည်။

ကာဗွန်ဈေးကွက်မှာ ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံအထိ တိုးတက်လာနိုင်ပြီး ရေရည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ သန့်ရှင်း သောစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

အစိုးရမဟာမိတ်အဖွဲ့ကို မကြေညာမီအစောပိုင်းရက်တွင် စင်ကာပူနိုင်ငံ၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညဖြစ်စေရေးရည်မှန်းချက်ကို ပြည့်မီစေရန် ပြည်တွင်းကုမ္ပဏီများအတွက် carbon credit အသုံးပြုရန် လမ်းညွှန်ချက်မူကြမ်း ထွက်ရှိခဲ့ပါသည်။ ကျန်ရှိသည့် ကာဗွန်ထုတ်လွှတ်မှုများကို ခုနှိမ်နိုင်ရန်အတွက် carbon credit သို့ ပြောင်းလဲခြင်းမပြုမီ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချဖြတ်တောက်နိုင်ရေးအတွက် နည်းလမ်းအားလုံးကို အသုံးပြုကြရန် ကုမ္ပဏီများကို တိုက်တွန်းထားပါသည်။ carbon credit တစ်ခုသည် လေထုထဲမှ ဖယ်ထုတ်ထားသည့် သို့မဟုတ် ထုတ်လွှတ်မှုကို တားဆီးထားသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်တစ်တန်ကို ရည်ညွှန်းပါသည်။

စင်ကာပူနိုင်ငံကဲ့သို့နိုင်ငံများသည် ၎င်းတို့၏ရာသီဥတုဆိုင်ရာ မျှော်မှန်းချက်များကို ပြည့်မီစေရန်အတွက် carbon credit ကို ဝယ်ယူကြမည်ဖြစ်ပြီး ကင်ညာနိုင်ငံကဲ့သို့ နိုင်ငံများမှာ ဇီဝလောင်စာကို အပူပေးခြင်းဖြင့်ရရှိလာသည့် မီးသွေးကဲ့သို့ဒြပ်ပစ္စည်း ပြုလုပ်သော လုပ်ငန်းစဉ်ဖြစ်သည့် Biochar ထုတ်လုပ်ခြင်းနှင့် တိုက်ရိုက်လေထုမှဖမ်းယူခြင်းကဲ့သို့ ကာဗွန်စီမံကိန်းများဖြင့် carbon credit ကို ရောင်းချနိုင်ပါသည်။ ကာဗွန်ဈေးကွက်တွင် အစိုးရက ကြီးကြပ်သည့် လိုက်နာမှုဈေးကွက်(compliance market)နှင့် ကုမ္ပဏီများက credit ဝယ်ယူရန် ရွေးချယ်နိုင်သည့် ဆန္ဒအလျောက်ဈေးကွက်(voluntary market) ဟူ၍ နှစ်မျိုးရှိပါသည်။ ကာဗွန်ထုတ်လွှတ်မှုများကို ခုနှိမ်ရန်အတွက် voluntary market မှ credit အသုံးပြုခြင်းသည် ဥပဒေလိုအပ်ခြင်းမရှိဘဲ စည်းမျဉ်းသတ်မှတ်ထားခြင်းမရှိသောကြောင့် အဆိုပါ credit ၏ အရည် အသွေးနှင့် ထိရောက်မှုတို့အပေါ် အငြင်းပွားဖွယ်ရာများဖြစ်ပေါ်စေပါသည်။

အစိုးရမဟာမိတ်အဖွဲ့တွင် ပူးတွဲဥက္ကဋ္ဌများမှာ စင်ကာပူနိုင်ငံ Climate Action Ambassador Ravi Menon၊ ဗြိတိန်ရာသီဥတုဆိုင်ရာအထူးကိုယ်စားလှယ် Rachel Kyte နှင့် ကင်ညာနိုင်ငံ၏ ရာသီဥတုဆိုင်ရာအထူးသံတမန် Ali Mohamed တို့ဖြစ်ပါသည်။ အစိုးရမဟာမိတ်အဖွဲ့က “ကာဗွန်ဈေးကွက်များသည် ကုန်ကျစရိတ်ပိုမိုသက်သာစွာဖြင့် ကာဗွန်ထုတ်လွှတ်မှုကိုလျင်မြန်စွာဖြတ်တောက်နိုင်သည့် စီမံကိန်း များသို့ ဘဏ္ဍာငွေတိုက်ရိုက်ပေးကြောင်း၊ ခေတ်မီစက်မှုလုပ်ငန်းများကို အကူအညီဖြစ်စေကြောင်း၊ လေထုညစ်ညမ်းမှုကိုရပ်တန့်နိုင်ကြောင်း၊ အလုပ်အကိုင်အခွင့်အ လမ်းများကိုဖန်တီးပေးနိုင်ကြောင်း၊ ဇီဝစနစ်နှင့်ဒေသခံပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေကြောင်း၊ သို့ရာတွင် ဂုဏ်သိက္ခာပိုင်းနှင့် တရားဝင်မှုမရှိခြင်း၊ credit ပေးနိုင်မှုနှင့်လျော်ညီသည့်လမ်းညွှန်ချက်မရှိခြင်းတို့ကြောင့် ကုမ္ပဏီများ၏ carbon credit ဝယ်ယူမှုကို အဟန့်အတားဖြစ်စေကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် carbon credit အသုံးပြုမှုနှင့်စပ်လျဉ်း၍ ပိုမိုရှင်းလင်းမှုရှိစေရန် အစိုးရများထံ တောင်းဆိုထားကြောင်း၊ အခြေခံမူများသည် စီးပွားရေးလုပ်ငန်းများကို ယုံကြည်မှုရှိစေမည်ဖြစ်ပြီး ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

“ကာဗွန်စီမံကိန်းများတွင် လူထုပါဝင်လာရန်မျှော်လင့်ကြောင်း၊ လူမှုအသိုက်အဝန်းကိုလျော်ကြေးပေးရန်အတွက် carbon credit ဝယ်သူနှင့် စီမံကိန်းဆောင်ရွက်သူ များ၏ပျက်ကွက်မှုမှာ ကာဗွန်ဈေးကွက်အပေါ် အဆိုးမြင်စေကြောင်း၊လက်ရှိအချိန် အထိ ကင်ညာနိုင်ငံသည် carbon credit ဝယ်သူ ၈၈၇ ဦးကို ဆွဲဆောင်ထားနိုင်ကြောင်း၊ ကာဗွန်တန်ချိန် ၁၄.၃ သန်း၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၂၀၉ သန်းခန့်ဖြစ်ကြောင်း၊ voluntary market သည် ကာဗွန်ဓာတ်ငွေ့တန်ချိန်သန်း ၇၀ အတွက် carbon credit ရောင်းဝယ်မှု၊ ရာသီဥတုကို အကျိုးရှိစေသည့် စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုပိုမိုမြင့်တက်စေရေးစသည်တို့ကို ဖြစ်ပေါ်လာစေမည်ဟု မျှော်လင့်ကြောင်း”  Mohamed ကပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News