စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore-MAS)နှင့် စင်ကာပူဘဏ်များအသင်း(Association of Banks in Singapore-ABS)တို့သည် စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုအစီအစဉ်များကို စီမံခန့်ခွဲရန်အတွက် စင်ကာပူငွေပေးချေမှုကွန်ရက်(Singapore Payments Network–SpaN)ကို ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ကြေညာခဲ့ပါသည်။ စင်ကာပူနိုင်ငံ၏ငွေပေးချေမှု အစီအစဉ်များ တစ်ဆင့်မြင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငွေပေးချေမှုအစီအစဉ်များတွင် စီမံအုပ်ချုပ်မှုကို စုစည်းနိုင်ရန်နှင့် စင်ကာပူနိုင်ငံငွေပေးချေမှုမဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေးအတွက် MASနှင့်ပူးပေါင်းဆောင်ရွက်ရန်စသည်တို့အတွက် အဖွဲ့ အသစ်တစ်ခုဖွဲ့စည်းရန်ရည်ရွယ်ကြောင်း အစောပိုင်းကာလကကြေညာခဲ့ပြီးနောက် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
SPaN ကိုခံဝန်ချက်အားဖြင့် ကန့်သတ်ထားသည့် အကျိုးအမြတ်မယူသော ကုမ္ပဏီအမျိုးအစား အဖြစ် MAS နှင့် ABS တို့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကုမ္ပဏီတွင် ကနဦးအဖွဲ့ဝင်များမှာ MAS နှင့် Domestic Systemically Important Banks များဖြစ်သည့် Citibank ၊ DBS Bank ၊ Hongkong and Shanghai Banking Corporation ၊ Maybank ၊ OCBC ၊ Standard Chartered Bank နှင့် UOB တို့ဖြစ်ပါသည်။SPaN သည် ပြည်တွင်းနှင့်နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုအစီအစဉ်များကို ခိုင်မာအားကောင်းသည့်စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန်၊ ငွေပေးချေမှုများတွင် တီထွင်ဆန်းသစ်မှုများကိုမြှင့်တင်ရန်၊ ငွေကြေးလုပ်ငန်းကဏ္ဍရှိ အဓိကပါဝင်ပတ်သက်သူ များနှင့်ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးရန် ရည်ရွယ်ပါသည်။
ကုမ္ပဏီဖွဲ့စည်းမှုမှသည် လုပ်ငန်းဆောင်တာများဆောင်ရွက်ရန် အဆင်သင့်ဖြစ်သည့်အဆင့်အထိ ကုမ္ပဏီ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလမ်းညွှန်နိုင်ရန် နှင့်၎င်း၏မဟာဗျူဟာမြောက် ရည်ရွယ်ချက်များနှင့်ကိုက်ညီပြီး ခိုင်မာအားကောင်း သည့်စီမံအုပ်ချုပ်မှုရှိစေရန် ဒါရိုက်တာများဘုတ်အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပါသည်။ ဘုတ်အဖွဲ့အနေဖြင့် ကုမ္ပဏီကို ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လုပ်ငန်းဆောင်တာများစတင်ဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီ၏အဖွဲ့ဝင်များတွင် အခြားဒါရိုက်တာ များပါဝင်စေခြင်း၊ လက်ရှိစီမံအုပ်ချုပ်မှုအစီအစဉ်များမှ SPaN သို့ကူးပြောင်းခြင်း စသည့်လုပ်ငန်းစဉ်များကို ကြီးကြပ်မည်ဖြစ်ပါသည်။ MAS မှ အကြီးတန်းကိုယ်စား လှယ် ၂ ဦး၊ ဘဏ်နှင့်ဘဏ်မဟုတ်သည့် ဘဏ္ဍာရေးအဖွဲ့စည်းများမှ ကိုယ်စားလှယ် ၅ ဦးနှင့် ငွေကြေးကဏ္ဍမှ တစ်သီးပုဂ္ဂလဒါရိုက်တာ ၄ ဦး၊ စုစုပေါင်း ၁၁ ဦးဖြင့် ဘုတ်အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပါသည်။
MAS ၏မန်နေးဂျင်းဒါရိုက်တာ Mr. Chia Der Jiun က “SPaN ဖွဲ့စည်းမှုသည် တစ်စုတစ်စည်းတည်းရှိသည့် စီမံအုပ်ချုပ်မှုအောက်တွင် စင်ကာပူနိုင်ငံ၏ငွေပေး ချေမှုအခြေခံအဆောက်အအုံကို ခိုင်မာအားကောင်းစေရေးအတွက် အရေးကြီးသည့်ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ SPaN သည် စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုအခြေခံအဆောက်အအုံများတွင် ပိုမိုတီထွင်ဆန်းသစ်နိုင်ပြီး ခိုင်မာမှုရှိစေရေး တည်ဆောက်ရာတွင် ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုလုပ်ငန်းများအတွက် အခြေခံတစ်ခုတည်ဆောက်ပေးခြင်းဖြစ် ကြောင်း” ပြောကြားခဲ့ပါသည်။
ABS ၏ဥက္ကဋ္ဌ Ms. Helen Wong က “SPaN အရ စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုအစီအစဉ်များသည် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကို စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူများ လိုလားလျက်ရှိသည့် ဒီဂျစ်တယ်ငွေပေးချေမှုများတွင် တီထွင်ဆန်းသစ်မှုများပြုလုပ်ရန်နှင့် လျင်မြန်စွာပြန်လည်အကြောင်းပြန်ကြားနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ABS နှင့်အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ၏စီးပွားရေးတွင် အဓိကအရေးပါလာမည့် အဆင့်မြင့်ပြီး အနာဂတ်အတွက် အဆင် သင့်ဖြစ်စေမည့် ငွေပေးချေမှုစနစ်ဖြစ်စေရေးအတွက် SPaN ကို ထောက်ခံအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကပါဝင်သည့်အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရင်းမြစ်။ Monetary Authority of Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)