International News

အမေရိကန်နှင့် ထိုင်းအခွန်ဆိုင်ရာဆွေးနွေးမှုများ ရုန်းကန်နေရခြင်းသည် ဈေးကွက်အခြေအနေကို ရိုက်ခတ်လာ

Last Updated:

အမေရိကန်-ထိုင်းကနဦးကုန်သွယ်ရေးညှိနှိုင်းမှုများရပ်တန့်ခဲ့သောကြောင့် ဈေး ကွက်အခြေအနေ အားနည်းလာနိုင်ပြီး BRICS အဖွဲ့ဝင်နိုင်ငံများအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်၏ကြေညာချက်သည် ကုန်သွယ် ရေးတင်းမာမှုများမြင့်တက်လာနိုင်သည့်အပေါ် စိုးရိမ်မှုမြင့်တက်လာလျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်နှင့် ထိုင်းတို့အကြား ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းမှုသည် ပထမအကြိမ်မျက်နှာစုံညီတွေ့ဆုံမှုတွင် သဘောတူညီမှုအထိ မရောက်ရှိခဲ့သည်ကို ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ဝန်ခံပြောကြားခဲ့ပါကြောင်း၊ ဉာဏ်ရည်တုချိပ်စ်ပြားများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်ကို စိုးရိမ်သောကြောင့် ထိုင်းနှင့်မလေးရှားတို့သို့ ဉာဏ်ရည်တုချစ်ပ်ပြားများတင်ပို့မှုကို ပိတ်ပင်ရန် အမေရိကန်အနေ ဖြင့်စဉ်းစားလျက်ရှိသည်ဟု မီဒီယာများက ရေးသားကြပါကြောင်း၊ အလားအလာသည် မသေချာသေးသော်လည်း အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသည့် နိုင်ငံများအပေါ် အခွန် ၃၆ ရာခိုင်နှုန်းကောက်ခံရန်စီစဉ်နေပါကြောင်း၊ကနဦးညှိနှိုင်း မှုတွင် Mr. Pichai ဦးဆောင်ခဲ့ပြီး တိုးတက်မှုမရှိခဲ့ဘဲ ညှိနှိုင်းမှုနောက်ဆုံးရက်ကို ဩဂုတ်လ ၁ ရက်နေ့သို့ တိုးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဖိအားထပ်မံဖြစ်ပွားစေသည်မှာ ထိုင်းနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့သော BRICS နှင့်ဆက်နွယ်လျက်ရှိသည့် နိုင်ငံများအပေါ် ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရန် အမေရိကန်က သတိပေးခဲ့ပါကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံ၏သွင်းကုန်ခွန်ကို ၄၆ ရာခိုင်နှုန်းသို့တွန်းပို့လျက်ရှိပြီး ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုစီးဝင်မှုများကို အတားအဆီးဖြစ်စေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လာမည့်ညှိနှိုင်းမှုများအတွက် ပြင်ဆင်ချိန် ၃ ပတ်ခန့်ရရှိထားရာ အောင်မြင်စွာ ဆွေးနွေးပြီးဖြစ်သည့် နိုင်ငံများ၏ရည်ညွှန်းနှုန်းထားများကို အခြေခံ၍ အမေရိကန် ၏ကနဦးအဆိုပြုနှုန်းထားအောက် ၅၀ ရာခိုင်နှုန်း လျှော့ချညှိနှိုင်းဆွေးနွေးနိုင်ပြီး ထိုင်းနိုင်ငံအနေဖြင့် ဆွေးနွေးပွဲများတွင် အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ဈေး ကွက်အတက်အကျဖြစ်မှုအတွက် ကုန်သွယ်ရေးအစီအမံများကို ချိန်ညှိမည့် အရေးပေါ်အစီအစဉ်များရှိကြောင်း ထိုင်းစတော့ခ်အိတ်ချိန်းဒုတိယဥက္ကဋ္ဌ Mr. Soraphol Tulayasathien က အကြံပြုသုံးသပ်ထားပါသည်။

တရုတ်နှင့် ချိတ်ဆက်နေသော ကုန်စည်များအပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်ပို့ကုန်အခွန်များအကြား ခွဲခြား၍ အခွန်ကို ၁၈ ရာခိုင်နှုန်းထိလျှော့ချရန် အမေရိကန်အနေဖြင့် သဘောတူညီနိုင်ကြောင်း၊ ကုန်သွယ်ရေးဆုံးရှုံးနိုင်ခြေများကြောင့် ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် GDP ကို ယခင် ၃ ရာခိုင်နှုန်းမှ ၁.၈ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းထားပြီး စတော့ခ်ညွှန်ကိန်းမျှော်မှန်းချက်ကို ယခင် ၁,၄၀၀ မှ ၁,၂၉၀ သို့ ပြောင်းလဲခန့်မှန်းပါကြောင်း May Bank Securities(Thailand) ရင်းနှီး မြှုပ်နှံမှုဆိုင်ရာညွှန်ကြားရေးမှူး Mr. Kitichan Sirisukarcha က ဖြည့်စွက်သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသည် ဗီယက်နမ်၏အခွန်နှုန်းထား ၂၀ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီး ၂၀ ရာခိုင်နှုန်း သို့မဟုတ် သက်သာနိုင်ခြေနည်းပါးပါကြောင်း၊ စီးပွားရေးပညာရှင်များက ၂၀၂၅ ခုနှစ်အတွက် GDP ခန့်မှန်းချက်တွင် အခွန်နှုန်းထားကို ၁၅ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား သတ်မှတ်ထားသောကြောင့် အနည်းငယ်သော အပြု သဘောဆောင်သည့် ဈေးကွက်သက်ရောက်မှုဖြစ်စေရန် မျှော်လင့်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက ထိုင်းနိုင်ငံကို ဗီယက်နမ်နှင့်ပြိုင်ဘက်အဖြစ် ရှုမြင်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသို့ ဉာဏ်ရည်တုချစ်ပ်များပေါ်တွင် ကန့်သတ်ချက်များဖြင့် ကာလတိုအတွင်း တိုးတက်မှုကို ကန့်သတ်လာနိုင်ကြောင်း KGI Securities (Thailand) က ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တစ်ဖက်သတ်အခွန်နှုန်းထားများနှင့်ရင်ဆိုင်နေရသော နိုင်ငံများစာရင်းတွင်မပါဝင်ဘဲ အခွန် ၁၀ ရာခိုင်နှုန်းအတွက် ညှိနှိုင်းမှုကို သက်တမ်းတိုးခဲ့ပါက ကုန်သွယ်မှုဆိုင်ရာမသေချာမှုများသည် ရှည်ကြာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News