ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား ချိတ်ဆက်မှုများ မြှင့်တင်ရန်အတွက် တရုတ်နှင့် မွန်ဂိုလီးယားနိုင်ငံ၏ နယ်မြေများကို ဖြတ်သန်းမည့် ရထားလမ်းချိတ်ဆက်မှုတစ်ခု ထူထောင်ရန် အကောင် အထည်ဖော်လျက်ရှိကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexey Overchuk က ပြောကြား ခဲ့သည်။
တရုတ်နှင့် မွန်ဂိုလီးယားမှတစ်ဆင့် ဗီယက်နမ်သို့ ရထားလမ်းချိတ်ဆက်ရန် စိတ်ကူးကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းအပြင် ရုရှား၏ အရှေ့ဖျားဒေသဆိပ်ကမ်းနှင့် ဗီယက်နမ်ဆိပ်ကမ်းများကြား ချိတ်ဆက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊၎င်းသည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများပိုမိုထိရောက် စေရန်ဖြစ်ကြောင်း Mr. Alexey Overchuk က ပြောကြားခဲ့သည်။
စွမ်းအင်ကဏ္ဍတွင် မော်စကိုနှင့် ဟနွိုင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု သည် ပုံမှန်အတိုင်း ဆက်လက်တည်ရှိနေကြောင်း၊ ယင်းသည် ရုပ်ကြွင်းလောင်စာများနှင့် နျူကလီးယားစွမ်းအင်နှစ်ခုလုံးအတွက် အကျုံးဝင်ကြောင်း၊ ဗီယက်နမ်နှင့် မိတ်ဖက်ဆက်ဆံရေးသည် ရုရှားအတွက် ဦးစားပေးဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ရုရှားနှင့် ဗီယက်နမ်တို့သည် စွမ်းအင်၊ စက်မှုအင်ဂျင်နီယာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဗီယက်နမ်နှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)သည် ၂၀၁၆ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပြီးနောက် ရုရှား-ဗီယက်နမ်ကုန်သွယ်မှုပမာဏသည် လျင်မြန်စွာတိုးတက်လာကာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ပိုများခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉ ဘီလီယံရှိခဲ့ကြောင်း သိရသည်။
Source : https://www.kommersant.ru/doc/8159786
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)