International News

ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍပြန်လည်ဦးမော့လာမှု- အခွင့်အလမ်းလော သို့မဟုတ် စွန့်စားရမှုမြင့်မားသည့် လောင်းကစားတစ်ခုလော

Last Updated:

ဗင်နီဇွဲလားနိုင်ငံ၏ ရေနံလုပ်ငန်းကို ပြန်လည်အသက်သွင်းရန် Trump အစိုးရ၏ တစ်ကျော့ပြန် စိတ်ဝင်စားမှုသည် အဓိကစွမ်းအင်ကဏ္ဍပြန်လည်ဦးမော့လာစေရန် မျှော်လင့်ချက်များ မြင့်တက်လာစေသော်လည်း နိုင်ငံရေးမရေရာမှုများ၊ မြင့်မား သောကုန်ကျစရိတ်များနှင့် နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် အဆိုပါအခွင့် အလမ်းသည် ရိုးရှင်းမှုမရှိကြောင်း ရေနံကုမ္ပဏီများနှင့် လေ့လာဆန်းစစ်သူများက သတိပေးထားကြောင်း AFP သတင်းကို ကိုးကား၍ Economic Times သတင်းဌာနက ယခု ၉ ရက်တွင် ဖော်ပြထားသည်။

ပိတ်ဆို့အရေးယူမှုများ၊ရင်းနှီးမြှုပ်နှံမှုအားနည်းမှုများနှင့်ထုတ်လုပ်မှုကျဆင်းခဲ့သည့် နှစ်များအပြီးတွင် ဗင်နီဇွဲလားနိုင်ငံ၏ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို ပြန်လည်ကောင်းမွန်စေရန် အမေရိကန်ကုမ္ပဏီများအနေဖြင့် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဝါရှင်တန်က အရိပ်အယောင်ပြခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ Chevron ကုမ္ပဏီတစ်ခုတည်းသာ အမေရိကန် ပြည်ထောင်စု၏ အထူးလိုင်စင်ဖြင့် ဗင်နီဇွဲလားနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေပြီး နိုင်ငံတကာစွမ်းအင်ကုမ္ပဏီအများစုမှာမူ နိုင်ငံရေးနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခြေအနေများ ပိုမိုရှင်းလင်းလာရန် စောင့်ဆိုင်းနေကြကြောင်း တွေ့ရှိရသည်။

ဗင်နီဇွဲလားနိုင်ငံသည် တစ်ချိန်က တစ်နေ့လျှင် ရေနံစည် ၃ ဒသမ ၅ သန်းအထိ ထုတ်လုပ်ခဲ့သော်လည်း လက်ရှိတွင် ထုတ်လုပ်မှုမှာ တစ်နေ့လျှင် စည် ၁ သန်းဝန်းကျင်အထိကျဆင်းသွားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံမှထွက်ရှိသော ရေနံစိမ်းအများစုမှာ အလွန်ပျစ်ခဲပြီး ကာဗွန်ထုတ်လွှတ်မှုမြင့်မားကာ ပြုပြင်ထုတ်လုပ်ရန် ကုန်ကျ စရိတ်များသည့် extra-heavy oil အမျိုးအစားများဖြစ်သောကြောင့် ထုတ်လုပ်မှု စွမ်းအားကို ပြန်လည်မြှင့်တင်ရန်ခက်ခဲလျက်ရှိသည်။ အဆိုပါရေနံစိမ်းများကို အသုံးပြုနိုင်သော လောင်စာများအဖြစ် သန့်စင်ခြင်းမပြုမီ ကုန်ကျစရိတ်ကြီးမား သောအဆင့်မြှင့်တင်မှုဆိုင်ရာ အခြေခံအဆောက်အအုံများလိုအပ်သောကြောင့် စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှုအမြောက်အမြားပြုလုပ်ရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်မှုများရှိနေကြောင်း လေ့လာဆန်းစစ်သူများက မှတ်ချက်ပြုထားကြောင်း သိရသည်။

Rystad Energy ၏လေ့လာမှုတစ်ခုအရ ဗင်နီဇွဲလားနိုင်ငံသည် ၂၀၄၀ ပြည့်နှစ်တွင် တစ်နေ့လျှင် ရေနံစည် ၃ သန်းပြန်လည်ထုတ်လုပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၈၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုလိုအပ်မည်ဟုခန့်မှန်းထားပြီး ယင်းအနက် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော်မှာ လက်ရှိထုတ်လုပ်မှုအဆင့်ကို ထိန်းသိမ်းရန်အတွက်သာဖြစ်ကြောင်းသိရသည်။ ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ ဝန်းကျင်တွင်သာရှိနေသဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန်နှင့် နိုင်ငံရေးအရ မတည်ငြိမ်သောပတ်ဝန်းကျင်များကို ရှောင်ရှားရန် ရင်းနှီးမြှုပ်နှံသူများ၏ဖိအားပေးမှုများကြောင့် ကုမ္ပဏီအများစုမှာ အကျိုးအမြတ်ရရှိနိုင်မှုနည်းပါးသည်ဟု ရှုမြင်နေကြကြောင်း တွေ့ရှိရသည်။

ရေနံကုမ္ပဏီများကိုယ်တိုင်ကလည်း သတိကြီးစွာထားရှိသည့် သဘောထားကို ကျင့်သုံးလျက်ရှိသည်။ ConocoPhillips ကုမ္ပဏီက နောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ခန့်မှန်းရန် စောလွန်းသေးကြောင်းပြောကြားခဲ့ပြီး Total Energies ကုမ္ပဏီမှာမူ ဗင်နီဇွဲလားနိုင်ငံမှ လုံးဝထွက်ခွာသွားခဲ့ကာ ပြန်လည်ဝင်ရောက်မည့် အရိပ်အယောင်မတွေ့ရသေးပေ။ ၎င်းအပြင် Chevron ကုမ္ပဏီသည် လုပ်ငန်းများဆက်လက်လုပ်ကိုင်နေသော်လည်း ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များအတွင်းမှသာ တိတိကျကျဆောင်ရွက်နေကြောင်း အလေးပေးပြောကြားခဲ့သည်။

အီတလီနိုင်ငံမှ Eni နှင့် စပိန်နိုင်ငံမှ Repsol ကဲ့သို့သော ဥရောပကုမ္ပဏီအချို့မှာမူ ယခင်က ရေနံနှင့် သဘာဝဓာတ်ငွေ့ပေးပို့မှုများနှင့်ဆက်စပ်နေသည့် မရရှိသေးသောအကြွေးများနှင့် လက်ရှိပိုင်ဆိုင်မှုများကြောင့် ပိုမိုစိုးရိမ်စရာဖြစ်နေသည်။ ယခင်အစီအစဉ်များအရ ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံကုမ္ပဏီသည် အကြွေးများကို ရေနံစိမ်းဖြင့်ပြန်လည်ပေးဆပ်ခဲ့သော်လည်း လိုင်စင်များရုပ်သိမ်းခံရပြီးနောက် ၂၀၂၅ ခုနှစ်တွင် အဆိုပါလုပ်ငန်းစဉ်ရပ်ဆိုင်းသွားခဲ့သည်။ Repsol ကုမ္ပဏီသည် ၎င်း၏လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းများရှာဖွေရန် အမေရိကန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးတွင် ဗင်နီဇွဲလားနိုင်ငံ၏ရေနံကဏ္ဍပြန်လည်ဦးမော့လာမှုသည် ဘူမိဗေဒ ဆိုင်ရာအချက်အလက်များထက် အုပ်ချုပ်မှုယန္တရားအပေါ်တွင်သာပိုမိုမူတည်နေကြောင်း လေ့လာဆန်းစစ်သူများက သဘောတူညီခဲ့ကြသည်။ တည်ငြိမ်သော နိုင်ငံရေးမူဘောင်၊ ရှင်းလင်းသော စည်းမျဉ်းများနှင့် ယုံကြည်စိတ်ချရသော ပိတ်ဆို့အရေးယူမှုဖြေလျှော့မှုများမရှိဘဲ ကုမ္ပဏီများအနေဖြင့် လိုအပ်သော အရင်းအနှီးအမြောက်အမြားကို ရင်းနှီးမြှုပ်နှံရန် အလားအလာမရှိပေ။ လက်ရှိအချိန်တွင် ဗင်နီဇွဲလားနိုင်ငံ၏ရေနံကဏ္ဍပြန်လည်ဦးမော့လာရန်မှာ ဖြစ်နိုင်ခြေတစ်ခုသာဖြစ်သော်လည်း စွန့်စားရမှုမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။

Source:    Economic Times, Venezuela’s oil comeback: Windfall or risky bet?, January 9, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News