International News

အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Dharashiv ခရိုင်ရှိ စက်ရုံတစ်ခုက ကြံထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရန်ရည်ရွယ်သည့် ဉာဏ်ရည်တု(Artificial Intelligence -AI)အခြေခံစမ်းသပ်မှုတစ်ခုကိုစတင်

Last Updated:

Dharashiv ခရိုင်ရှိ Natural Sugar and Allied Industries Ltd က ကြံထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရန်ရည်ရွယ်သည့် ဉာဏ်ရည်တု(Artificial Intelligence-AI) အခြေခံစမ်းသပ်မှုတစ်ခုကို Ranjangaon ကျေးရွာတွင် စတင်လိုက်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၅ ရက် ဖော်ပြသည်။

တစ်ရက်လျှင် ကြံတန်ချိန် ၅,၀၀၀ ကြိတ်ခွဲနိုင်သည့် အဆိုပါသကြားစက်ရုံသည် လွန်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း ကြံထုတ်လုပ်မှုမြှင့်တင်ရန်နှင့် ကဏ္ဍအတွင်း စံနှုန်းသစ်များသတ်မှတ်နိုင်ရန် ဆန်းသစ်သော လုပ်ဆောင်ချက်အမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၃ လမှ ၄ လအတွင်း Marathwada ဒေသ၊ Dharashiv ခရိုင်ရှိ Ranjangaon တွင် KVK Baramati၊ Vasantdada Sugar Institute နှင့် West Indian Sugar Mills Association(WISMA)တို့ပူးပေါင်း၍ အဆိုပါ AI အခြေခံစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းတွင် တောင်သူစုစုပေါင်း ၇၅၃ ဦးပါဝင်ဆောင်ရွက်လျက်ရှိရာ Natural Sugar သည် Maharashtra ပြည်နယ်အတွင်း ယခုကဲ့သို့သောလုပ်ဆောင်ချက်အောက်တွင် တောင်သူအများဆုံးမှတ်ပုံတင်နိုင်သည့် ပထမဆုံးသော စက်ရုံဖြစ်လာကြောင်း သိရသည်။

KVK Baramati မှတစ်ဆင့် အဆိုပါ စီမံကိန်းအောက်တွင် မိုးလေဝသတိုင်းထွာရေးစခန်း ၂၀ နှင့် အာရုံခံကိရိယာ(Sensors)၅၀၀ တပ်ဆင်ခြင်းလုပ်ငန်းမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်းနှင့် ယင်းလုပ်ဆောင်ချက်တွင် တောင်သူများ၏ပါဝင်ဆောင်ရွက်မှုမှာ သိသာထင်ရှားကြောင်းပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်ကို အထောက်အကူပြုရန် Natural Sugar and Allied Industries Ltd ၏စက်ရုံအနေဖြင့် တောင်သူများအား စဉ်ဆက်မပြတ်လေ့ကျင့်သင်တန်းပေးခြင်း၊ လက်တွေ့ကွင်းဆင်းစောင့်ကြည့်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်းများဆောင်ရွက်ရန် လွတ်လပ်သောဖွံ့ဖြိုးရေးဌာန(Independent Sugarcane Development Department)တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ၎င်းအပြင် KVK Baramati နှင့် Vasantdada Sugar Institute တို့၏လမ်းညွှန်ချက်များနှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ရန် သီးသန့်ကွပ်ကဲမှုဌာန(War Room) တစ်ခုကိုလည်း တည်ထောင်ထားကြောင်းသိရသည်။

အဆိုပါစီမံကိန်းအောက်တွင် တောင်သူများသည် မိုးလေဝသတိုင်းတာစက်များ (Weather meters)မှထွက်ပေါ်လာသော အချက်အလက်များအပေါ်အခြေခံ၍ ကြံစိုက်ပျိုးမှုအတွက် ရေစီမံခန့်ခွဲမှု၊ မျှတသော အာဟာရဓာတ်အသုံးပြုမှု၊ ဆေးဖျန်းရန်သင့်တော်သော မိုးလေဝသအခြေအနေများကို ဆန်းစစ်ခြင်းနှင့် အခြားသောသီးနှံစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများအတွက် အကြံပေးချက်များကို ရရှိမည်ဖြစ်ကြောင်းတွေ့ရှိရသည်။ထူးခြားချက်တစ်ခုအနေဖြင့် KVK Baramati နှင့် Vasantdada Sugar Institute တို့၏အကြံပြုချက်များကို တိတိကျကျလိုက်နာပြီး စံချိန်တင်ထုတ်လုပ်နိုင်သည့် တောင်သူများကို ပထမ၊ဒုတိယနှင့်တတိယဆုများဖြင့် ချီးမြှင့်အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ယခုလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် စက်ရုံပတ်ဝန်းကျင်ရှိ တောင်သူများနှင့် စီမံကိန်းတွင်ပါဝင်သည့် တောင်သူများအား လမ်းညွှန်မှုပေးရန် အစည်းအဝေးတစ်ခုကျင်းပခဲ့သည်ဟု Natural Sugar and Allied Industries Ltd ၏ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ BB Thombre က ပြောကြားခဲ့သည်။

Source:    The Hindu Businessline, AI-based initiative launched in Ranjangaon to boost sugarcane productivity, January 5, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News