International News

၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ပြည်ပငွေလွှဲပေးပို့မှုများစံချိန်တင်မြင့်တက်

Last Updated:

၂၀၂၅ ခုနှစ်အတွင်း ဟိုချီမင်းမြို့သို့ ငွေလွှဲဝင်ရောက်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံခန့်ရှိမည်ဟုခန့်မှန်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေလွှဲမှုများဆွဲဆောင်ရာတွင် ဦးဆောင်ဒေသအဖြစ်ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားပါသည်။ ယခုနှစ်မှတ်တမ်းများအရ ဟိုချီမင်းမြို့သို့ ပြည်ပငွေလွှဲဝင်ရောက်မှုမှာ နိုင်ငံအတွင်းသို့ ငွေလွှဲဝင်ရောက်မှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတော်ဗဟိုဘဏ်၏ ဒေသ ၂ ဘဏ်ခွဲအတွင်းပါဝင်သည့် ဟိုချီမင်းမြို့နှင့် တောင်ပိုင်းဒေါင်နိုင်းပြည်နယ်တို့မှ ရရှိသည့်အချက် အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဟိုချီမင်းမြို့သို့ ပြည်ပငွေလွှဲပေးပို့မှုမှာ အမေရိကန်ဒေါ်လာ ၇.၉၆၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေသအလိုက်ပြည်ပငွေလွှဲဝင်ရောက်မှုများအနေဖြင့် ပြောင်းလဲမှုမရှိဘဲ အများစုမှာ အာရှနှင့် အမေရိကန်မှဖြစ်ပြီး မြို့တော်ငွေလွှဲဝင်ရောက်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။

ငွေလွှဲကုမ္ပဏီများ၏ နိုင်ငံတကာမိတ်ဖက်များမြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ငွေလွှဲဝန်ဆောင်မှုပေးသူ များ၏ ဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် ပြည်ပရောက်အလုပ်သမားများနှင့် ဗီယက်နမ်လူမှုအသိုင်းအဝိုင်းများအတွက် ငွေပေးငွေယူပိုမိုအဆင်ပြေစေပြီး ပြည်ပငွေလွှဲဝင်ရောက်မှုကို ပိုမိုမြှင့်တင်ပေးလျက်ရှိပါကြောင်း ရေးသားဖော်ပြထားပါသည်။

Source:  Vietnam Economic Times

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News