International News

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇.၈၅ သန်းတင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပြည်ပဈေးကွက်သို့ ဆန်တန်ချိန် ၇.၈၅ သန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၀၂ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါဆန်တင်ပို့မှုပမာဏသည် ယခင်နှစ်ထက် ၁၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပို့ကုန်တန်ဖိုးအနေဖြင့် ၂၉.၄ ရာခိုင်နှုန်းပိုမိုကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဒီဇင်ဘာတစ်လအတွင်း၌ပင် ဆန်တင်ပို့မှု ၃၄၀,၀၀၀ တန်အထိရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၅ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားတို့ကဲ့သို့သော သမားရိုးကျဈေးကွက်များ၌ လျော့ကျလာသည်နှင့်အမျှ ပရီမီယံကဏ္ဍသို့ မဟာဗျူဟာမြောက်ကူးပြောင်းရန်အရေးကြီးကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။ အရည်အသွေးမြင့်ဆန်၊ အထူးအမျိုးအစားများနှင့် ပြုပြင်ထားသော ဆန်ထုတ်ကုန်များ အတွက် အဓိကဈေးကွက်များတွင် ဥရောပသမဂ္ဂ၊ ဂျပန်၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ ST 25 ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ဆက်လက်အသိအမှတ်ပြုခံရပြီး အမေရိကန်၊ ဥရောပနှင့် တရုတ်နိုင်ငံများရှိ ပရီမီယံဈေးကွက်များတွင် သိသာထင်ရှားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သကဲ့သို့ ဂျပိုနီကာဆန်သည် ဂျပန်နိုင်ငံတွင် ဈေးကွက်အခိုင်အမာရရှိနေပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

Source: Vietnam Economic Times

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News