ထိုင်းနိုင်ငံ၏ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ Amata Corporation ၏လက်အောက်ခံကုမ္ပဏီ Amata VN Plc သည် ဗီယက်နမ်အစိုးရ၏ ပဉ္စမမြောက်စက်မှုဇုန်ကို ဘတ် ၅.၇ ဘီလီယံရင်းနှီးမြှုပ်နှံပြီး Phu Tho ပြည်နယ်တွင် တည်ဆောက်ရန်ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Amata preps B5.7bn project in Vietnam” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
အဆိုပါအိမ်ခြံမြေသည် ဗီယက်နမ်၏နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် တိုးပွားလာနေသော ဆွဲဆောင်မှုကို အားဖြည့်ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ Amata City Phu Tho သည် မြောက်ပိုင်းဗီယက်နမ်သို့ လုပ်ငန်းလည်ပတ်မှုများကို တိုးချဲ့ရန် သို့မဟုတ် ရွှေ့ပြောင်းရန် ရှာဖွေနေသော အီလက်ထရွန်းနစ်နှင့် နည်းပညာကုမ္ပဏီများအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း၊ ဗီယက်နမ်၏ အသားတင်ထုတ်လွှတ်မှုသုညသို့လျှော့ချရေး(net-zero emission)ရည်မှန်းချက်နှင့်အညီ အဆိုပါအိမ်ယာကို သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန် ဒီဇိုင်းထုတ်ထားပါကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စုပ်ယူမှုအကြား ဟန်ချက်ညီအောင်လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ဟနွိုင်းက ကြေညာခဲ့ပါကြောင်း၊ ဗီယက်နမ်အာဏာ ပိုင်များနှင့် လပေါင်းများစွာပူးပေါင်းဆောင်ရွက် ပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှု မှတ်ပုံတင်လက်မှတ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်Ms. Somhatai Panichewa က ပြောကြားခဲ့သည်။
ယခုနှစ် မေလ ၁၆ ရက်နေ့တွင် Amata VN နှင့် Phu Tho ပြည်နယ်ပြည်သူ့ကော်မတီတို့သည် ရေရှည်မိတ်ဖက်အဖွဲ့အစည်းတစ်ခုထူထောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် အခြေခံအုတ်မြစ်ချခဲ့ကြောင်း၊ သဘောတူညီချက်အရ ပြည်နယ်သည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် စီမံကိန်းအကောင်အထည်ဖော်မှုကို ပံ့ပိုးပေးရန်ကတိပြုခဲ့ကြောင်း၊ ဟက်တာ ၄၇၆ ခန့်ကျယ်ဝန်းသော Amata City Phu Tho ကို အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ရာ ပထမအဆင့်သည် ဟက်တာ ၂၃၉ ကျယ်ဝန်း၍ ၂၀၂၉ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံသူများအား ဝန်ဆောင်မှုပေးရန်ခန့်မှန်းထားပြီး ဒုတိယအဖြစ် ကျန်ရှိသော ဧရိယာကို ၂၀၃၃ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားပါကြောင်း၊ Amata သည် ၎င်း၏ကျွမ်းကျင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို အသုံးပြု၍ အရည်အသွေးမြင့်ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် အဆင့်မြင့်နည်းပညာနှင့် နယ်ပယ်များတွင် ဆွဲဆောင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ကဏ္ဍများဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Amata VN သည် Amata City Bien Hoa၊ Amata City Ha Long နှင့် Amata City Long Thanh စသည့်စက်မှုဇုန်လုပ်ငန်းသုံးခုကို လုပ်ကိုင်နေပြီဖြစ်ပြီး တစ်ချိန်တည်းမှာပင် Quang Tri စက်မှုဇုန်ကို တည်ဆောက်နေဆဲဖြစ်ကြောင်း၊ Amata ၏ "All Win" အတွေးအခေါ်၊ အောင်မြင်မှုမျှဝေခြင်းနှင့် ရေရှည်တည်တံ့သည့်တန်ဖိုးအောက်တွင် Fortune ကုမ္ပဏီ ၅၀၀ ခုအပါအဝင် ငှားရမ်းသူ ၂၂၀ ကျော်ရှိပါကြောင်း၊ Phu Tho ပြည်နယ်ကိုယ်စားလှယ် Tran Duy Dong က Amata ၏ တက်ကြွသော ချဉ်းကပ်မှုကို ချီးကျူးခဲ့ပါကြောင်း၊ စီမံကိန်းသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ဒေသတွင်း လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာအထောက်အကူပြုမည်ဟု ထောက်ပြခဲ့ကြောင်း၊ "မြောက်ပိုင်းဝင်ပေါက်" တွင် မဟာဗျူဟာကျကျတည်ရှိသော Amata City Phu Tho သည် ခိုင်မာသောချိတ်ဆက်မှုကို ပေးစွမ်းပြီး အဓိကစက်မှုလုပ်ငန်းဗဟိုချက်တစ်ခုဖြစ်လာရန် အနေအထားတွင်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်က Amata Corporation ၏ စီးပွားရေးလုပ်ငန်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့တွင် စက်မှုဇုန်များဆက်လက်တည်ဆောက်သွားမည်ဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းအသစ်များကို ရှာဖွေသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)