International News

ရင်းနှီးမြှုပ်နှံမှုများအားကောင်းခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့

Last Updated:

ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi မှ ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရန် တွန်းအားပေးခဲ့သည့်အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁.၃ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ယခင်က ၀.၂ ရာခိုင်နှုန်းသာမြင့်တက်နိုင် သည်ဟု ခန့်မှန်းခဲ့ကြောင်း ၁၀-၃-၂၀၂၆ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan economy grows 1.3% in Oct.-Dec., revised up, on stronger investment” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး၏ ထက်ဝက်ကျော်ကိုကိုယ်စားပြုလျက်ရှိသည့် ပုဂ္ဂလိကဝယ်ယူသုံးစွဲနိုင်စွမ်းမှာ ၆ လတာအတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခများဖြစ်ပွားလျက်ရှိကာ ရေနံစိမ်းဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် သယံဇာတအရင်းအမြစ်နည်းပါးသည့် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလား အလာများမှာ မှေးမှိန်လျက်ရှိသည်ဟု ဂျပန်စီးပွားရေးပညာရှင်များက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုကိုထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ယခင်သုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ယခင်က ၀.၁ ရာခိုင်နှုန်းသာမြင့်တက်နိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း ဂျပန်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ငွေလုံးငွေရင်းသုံးစွဲမှုပမာဏမှာ ၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ယခင်က ၀.၂ ရာခိုင်နှုန်းသာမြင့်တက်နိုင်သည်ဟုခန့်မှန်းခဲ့ကြောင်း၊ဉာဏ်ရည်တုနည်းပညာများကျယ်ပြန့်လာ သည်နှင့်အမျှ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်စက်ပစ္စည်းများထုတ်လုပ်သောလုပ်ငန်းများနှင့် Data Centers တည်ဆောက်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအဓိကဝင်ရောက်ခဲ့ကြောင်း၊ လုပ်အားခများကြီးမြင့်လာခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းခြင်းနှင့်အခြားသော လုပ်အားချွေတာ စေသည့် နည်းပညာဆော့ဝဲလ်များဝယ်ယူသုံးစွဲလာကြကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် အစိုးရရင်းနှီးမြှုပ်နှံမှုမှာ ၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလပတ်ကာလတွင် ၁.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် မော်တော်ယာဉ်အသစ်ဝယ်ယူမှုကျဆင်းခဲ့သော်လည်း လက်ကိုင်ဖုန်းအမျိုးအစားအသစ်များဝယ်ယူမှုများပြားခဲ့သည့်အတွက် ပုဂ္ဂလိကဝယ်ယူသုံးစွဲမှုမှာ ၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊အိမ်ရာအဆောက်အအုံရင်းနှီးမြှုပ်နှံမှုမှာ ၄.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန်မှာ ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပုဂ္ဂလိကဝယ်ယူသုံးစွဲနိုင်စွမ်းဆက်လက်မြင့်မားနေမည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဆက်လက်ကောင်းမွန်နိုင်သည်ဟု ဂျပန်စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း၊ အမေရိကန်နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့မှ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လတ်တလောတွင် ရေနံဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ပြည်ပမှ စွမ်းအင်ကိုမှီခိုနေရသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုများဖြစ်ပေါ်နိုင်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်စေနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် ၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ယခင်က ၂.၃ ရာခိုင်နှုန်းသာမြင့်တက်နိုင်သည်ဟု ခန့်မှန်းခဲ့ရာမှ ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News