ယခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ တရုတ်မီးရထားဌာနသည် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်ရထားပြေးဆွဲရေးအစီအစဉ်ကို တရားဝင်အကောင်အထည်ဖော် ခဲ့ပြီး ချုံချင့်မှ ကွမ်တုန်း-ဟောင်ကောင်-မကာအို(Greater Bay Area-ကမ္ဘာအကြီးဆုံးထုတ်လုပ်မှုဗဟိုဒေသများ)သို့ ကုန်စည်သယ်ယူပို့ဆောင်မှုလမ်းကြောင်းသစ်တစ်ခုထပ်မံဖွင့်လှစ်ခဲ့ကြောင်းကို ၁၀-၇-၂၀၂၆ ရက် China Maritime Journal သတင်းစာမျက်နှာ၏ ကုန်သွယ်ရေးကဏ္ဍတွင် ဖော်ပြပါရှိပါသည်။
ချုံချင့်ဒေသရှိ ကုန်စည်ပို့ဆောင်ရေးအထူးရထားလမ်းကြောင်းအသစ်ဖြစ်သော X9739 ကုန်တင်ရထားကို နန်ဖန့်(Nanpeng)ဘူတာမှ ကွမ်ကျိုးနိုင်ငံတကာဆိပ်ကမ်း(Guangzhou Guoligang)အထိ ပြေးဆွဲရန်အသစ်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းကုန်တင်ရထားသည် သယ်ယူပို့ဆောင်ရေးစနစ်မျိုးစုံ ပေါင်းစပ်အသုံးပြုသော (Multimodal Transport)ကုန်စည်ရထားဖြစ်ပြီး တစ်ပတ်လျှင် ၂ ကြိမ် ချုံချင့်ဒေသမှပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး အဓိကအားဖြင့် အရည်အသွေးမြင့်ဓာတုဗေဒပစ္စည်း များ(Fine Chemical Products)နှင့် စက်မှုကုန်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများကို သယ်ယူပို့ဆောင်ပေးမည်ဖြစ်ပါသည်။
အဆိုပါရထားသည် ကွမ်တုန်း-ဟောင်ကောင်-မကာအိုဂရိတ်တာဘေးဧရိယာ (Greater Bay Area)၏အရေးပါသော ထောက်ပံ့ပို့ဆောင်ရေးဗဟိုဖြစ်သည့် ကွမ်ကျိုးနိုင်ငံတကာဆိပ်ကမ်းသို့ တိုက်ရိုက်ပြေးဆွဲမည်ဖြစ်ပြီး၊ ဆိပ်ကမ်း၏ရေကြောင်း ပို့ဆောင်ရေးကွန်ရက်နှင့် လျင်မြန်စွာချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ရထား-ရေကြောင်းပေါင်းစပ်သယ်ယူပို့ဆောင်ရေး(Rail-Sea Intermodal Transport)ကို ချောမွေ့စွာဆောင်ရွက်နိုင်ပြီး၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ပေါင်းစည်းပေးနိုင်သောကြောင့် ကုန်စည်ပို့ဆောင်မှု၏ထိရောက်မှုကို သိသိသာသာမြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
တရုတ်မီးရထားအုပ်စု(China Railway Group)လက်အောက်ရှိ ချန်ဒူး(Chengdu) မီးရထားဗျူရို၏ “ချုံချင့်ဒေသမီးရထားထောက်ပံ့ပို့ဆောင်ရေးစင်တာ”၏အဆိုအရ အဆိုပါလမ်းကြောင်းသည် ပုံမှန်သယ်ယူပို့ဆောင်ရေးနည်းလမ်းများနှင့်နှိုင်းယှဉ်ပါက ချုံချင့်ဒေသနှင့် ကွမ်တုန်းဒေသအကြား ကုန်စည်ပို့ဆောင်ရေးကြာချိန်ကို လျှော့ချပေးနိုင်သည့်အပြင် လုပ်ငန်းများ၏ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များစွာကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါချုံချင့်မှ ကွမ်တုန်း-ဟောင်ကောင်-မကာအို(Greater Bay Area လမ်းကြောင်း)၏ နှစ်စဉ်ကုန်စည်သယ်ယူပို့ဆောင်နိုင်မှုသည် တန်ချိန် ၁၈၀,၀၀၀ ခန့်အထိရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်းဖော်ပြပါရှိပါသည်။
(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)