International News

အိန္ဒိယသည် စားတော်ပဲတင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်အား လေးလသက်တမ်းတိုး

Last Updated:

အိန္ဒိယသည် စားတော်ပဲအား အကောက်ခွန်မဲ့တင်သွင်းခွင့်ကို 2024 ခုနှစ် အောက်တိုဘာလအထိ လေးလသက်တမ်းတိုးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

အိန္ဒိယအစိုးရမှ ပဲမျိုးစုံဈေးနှုန်းတည်ငြိမ်မှုရှိစေရန် အစိုးရ၏ဈေးကွက်ထိန်းကြောင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ဒီဇင်ဘာလအစောပိုင်းတွင် စားတော်ပဲအား အခွန်ကင်းလွတ်ဖြင့် တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ် မတ်လအထိခွင့်ပြုခဲ့ပြီးနောက် သက်တမ်းတိုးမြှင့်ခြင်းကို ပထမအကြိမ်တွင် ဧပြီလထိ လည်းကောင်း၊ ဒုတိယအကြိမ်တွင် ဇွန်လအထိလည်းကောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်။    

အိန္ဒိယသည် ကနေဒါနှင့်ရုရှားနိုင်ငံတို့မှ စားတော်ပဲကိုအဓိကတင်သွင်းပြီး စားတော်ပဲအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံခြင်းကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

အိန္ဒိယသည် ပဲမျိုးစုံကို စားသုံးမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး ၎င်း၏စားသုံးမှုလိုအပ်ချက်အတွက် ပဲအမျိုးအစားတစ်ချို့ကို တင်သွင်းမှုမှတစ်ဆင့် ဖြည့်ဆည်းပေးနေရသည်။ အိန္ဒိယနိုင်ငံသည် ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို အဓိကစားသုံးသည်။

အိန္ဒိယအစိုးရ၏ ပဲဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် ပဲစင်းငုံနှင့် မတ်ပဲသိုလှောင်မှုယာယီကန့်သတ်ချက်များကို ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လချမှတ်ခဲ့ပြီး အချို့သောကုန်သည်လုပ်ငန်းရှင်မျာအတွက် သိုလှောင်ထားရှိနိုင်သည့် ပမာဏကန့်သတ်ချက်များကိုလည်း ပြင်ဆင်သတ်မှတ်ခဲ့သည်။ ယင်းသိုလှောင်မှုကန့်သတ်ချက်နှင့် ကာလကို ပြန်လည်ပြင်ဆင်ခြင်းသည် ဈေးကစားရန်အတွက် သိုလှောင်ခြင်းမှ ကာကွယ်ရန်ဖြစ်ပြီး ပဲစင်းငုံနှင့် မတ်ပဲများဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ်လုံလောက်သောပမာဏဝင်ရောက်၍ ပဲမျိုးစုံကို စျေးနှုန်းချိုသာစွာရရှိနိုင်စေရန်ဖြစ်ကြောင်း စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် အများပြည်သူဖြန့်ဖြူးရေးဝန်ကြီးဌာနက ပြောကြားထားသည်။

ထိုပြင် လယ်သမားများအတွက် မက်လုံးအမျိုးမျိုးအပါအဝင် အစီအမံများစွာဆောင်ရွက်ခဲ့သော်လည်း အိန္ဒိယသည် ၎င်း၏ပြည်တွင်းလိုအပ် ချက်အတွက် ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်သည်။ ပဲမျိုးစုံတင်သွင်းမှုသည် 2023-24 တွင် နှစ်ဆနီးပါးမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ 3.74 ဘီလီယံအထိ ရှိခဲ့သည်။

တရားဝင်ကိန်းဂဏန်းများကို ထုတ်ပြန်ကြေငြာခြင်းမပြုရသေးသော်လည်း ကြိုတင်ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၂၄.၅ သိန်းသာတင်သွင်းခဲ့သော်လည်း ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၄၅ သိန်းကျော်တင်သွင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းဝယ်လိုအားနှင့် စျေးနှုန်းကိုထိန်းညှိရန်အတွက် အစိုးရသည် ပဲမျိုးစုံတင်သွင်းမှုအတွက် ဘရာဇီးနှင့် အာဂျင်တီးနားကဲ့သို့သော ဈေးကွက်သစ်များနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ရေးကိုလည်း  ညှိနှိုင်းနေကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားထားသည်။

Source: India extends duty-free import of yellow peas by four months, The Economic Times, May 05, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News