International News

အိန္ဒိယနိုင်ငံသည် ယခုဘဏ္ဍာနှစ်အတွင်း ဘရားဇီးနိုင်ငံမှ မတ်ပဲကို တန်ချိန် ၅ သောင်းအထိ တိုးမြှင့်တင်သွင်းဖွယ်ရှိ

Last Updated:

မတ်ပဲကို ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာနေသည့်အတွက် အိန္ဒိယနိုင်ငံသည် အဆိုပါနိုင်ငံများမှ ပိုမိုတင်သွင်းလာဖွယ်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၉ ရက်နေ့က ဖော်ပြသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ မတ်ပဲအဓိကတင်သွင်းသော နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။

ဘရားဇီးနိုင်ငံတွင် မတ်ပဲကို စတင်စိုက်ပျိုးလျက်ရှိပြီး၊ ယခုနှစ် ဇွန်-ဇူလိုင်လလောက်မှစတင်၍ အိန္ဒိယနိုင်ငံသို့ မတ်ပဲအနည်းဆုံး ၅၀၀၀၀ တန်တင်သွင်းဖွယ်ရှိကြောင်း အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း(India Pulses and Grains Association-IPGA)ဥက္ကဌ Bimal Kothari က ပြောကြားခဲ့သည်။ ယမန်နှစ်က ဘရာဇီးနိုင်ငံမှ မတ်ပဲကို ၅၀၀၀ တန်ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။ Kothari ဦးဆောင်သော IPGA ကိုယ်စားလှယ်အဖွဲ့သည် မကြာသေးမီက ဘရားဇီးနိုင်ငံသို့ သွားရောက်ပြီး ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၌ ပဲမျိုးစုံထွက်ရှိမှုကျဆင်းခဲ့သည့်အတွက် မတ်ပဲတင်သွင်းမှုပိုမိုမြင့်တက်လာခဲ့သည်။ ရာသီဥတုအခြေအနေမကောင်းမွန်မှုကြောင့် ခါရစ်(မိုး)နှင့် ရာဘီ(ဆောင်း)ရာသီနှစ်ရပ်စလုံးတွင် ပဲမျိုးစုံအထွက်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ မတ်ပဲတင်သွင်းမှုတန်ချိန် ၆ ဒသမ ၂၃ သိန်းရှိကာ ယခင် ဘဏ္ဍာနှစ်က တန်ချိန် ၃ ဒသမ ၄၄ သိန်းသာတင်သွင်းခဲ့သည့်အတွက် ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Igrain India က ဖော်ပြသည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် မတ်ပဲတင်သွင်းမှုတန်ချိန် ၆ ဒသမ ၁၁ သိန်း ရှိကာ ယခင်ဘဏ္ဍာနှစ်က ၃ ဒသမ ၄၄ သိန်းသာရှိခဲ့သည့်အတွက် ၇၇ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် မတ်ပဲအကောက်ခွန်လွတ်တင်သွင်းခွင့်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အချိန်တိုးမြင့်သတ်မှတ်ခဲ့သည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒုတိယအကြိမ်သီးနှံအထွက်နှုန်းကြိုတင်ခန့်မှန်းချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် မတ်ပဲအထွက်နှုန်းမှာ ၂၀ ဒသမ ၅၅ သိန်းရှိကာ ယခင်နှစ်က ၂၆ ဒသမ ၃၁ သိန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း၊ ခါရစ်မတ်ပဲအထွက်နှုန်းမှာ ယခင်နှစ်က ၁၇ ဒသမ ၆၁ သိန်းရှိခဲ့ရာမှ ယခုနှစ် တန်ချိန် ၁၅ ဒသမ ၅၀ သိန်းသာထွက်ရှိသည့်အတွက် ကျဆင်းခဲ့ကြောင်းနှင့် ရာဘီမတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်က တန်ချိန် ၆ ဒသမ ၃၃ သိန်းမှ ယခုနှစ် ၅ ဒသမ ၀၅ သိန်းသို့ကျဆင်းခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့တွင် မတ်ပဲကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်များအတွင်းက စုစုပေါင်း မတ်ပဲတန်ချိန် ၃ သောင်းမှ ၄ သောင်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း Igrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲကို မြန်မာနိုင်ငံမှ တင်သွင်းလျက်ရှိသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအခါ အခြားဇစ်မြစ်တစ်ခုအနေဖြင့် အဆိုပါတောင်အမေရိကနိုင်ငံများမှ တင်သွင်းနိုင်မည့် အလားအလာများထွက်ပေါ်လာလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ပဲအထွက်နှုန်းကျဆင်းသော်လည်း ပြည်ပမှပုံမှန်တင်သွင်းလျက်ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်လတာအတွင်း မတ်ပဲဈေးနှုန်းတည်ငြိမ်လျက်ရှိသည့် အနေအထားဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် မတ်ပဲကို တန်ချိန် ၆ ဒသမ ၆ သိန်းခန့်ထုတ်လုပ်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောကြား ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပြည်ပမှတင်သွင်းသော မတ်ပဲဈေးနှုန်းသည် ချန်နိုင်းမြို့တွင် မတ်ပဲ(SQ) ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၈၉၅၀ နှင့် မွန်ဘိုင်းနှင့် ကော်လ်ကတ္တားမြို့တွင် ယခုလ ၉ ရက်နေ့က မတ်ပဲ (FAQ) ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၉၁၀၀ ရှိကြောင်း သိရသည်။

ရည်ညွှန်း။          The Hindu Businessline, Trade sees urad imports from Brazil rising to 50,000 tonnes this year, May 9, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News