International News

အိန္ဒိယနှင့် အမေရိကန်တို့ ဇူလိုင်လလယ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ပထမအဆင့်ကို စတင်အကောင်အထည်ဖော်မည်ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး ပြောကြား

Last Updated:

အိန္ဒိယနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ပထမအဆင့်(First Tranche)ကို ဇူလိုင်လလယ်တွင် စတင်အကောင်အထည်ဖော်ရန်ရှိနေကြောင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဗီဆာခါပတ္တနမ်မြို့တွင်ကျင်းပသည့် ပင်လယ်စာတင်ပို့မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပီယုရှ် ဂိုယယ်လ်(Piyush Goyal)က အတည်ပြုပြောကြားခဲ့ပါသည်။

ဒေသတွင်းပြိုင်ဘက်နိုင်ငံများထက် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များက ဦးစားပေးဈေးကွက်ဝင်ရောက်ခွင့်ရရှိစေရန် ရည်ရွယ်သည့် အဆိုပါသဘောတူညီချက်၏ ကနဦးအဆင့်ကို အပြီးသတ်ရန် နှစ်နိုင်ငံကုန်သွယ်ရေးအရာရှိများသည် လက်ရှိတွင်ဆွေးနွေးမှုများကို အပြီးသတ်လုပ်ဆောင်နေကြကြောင်း၊ ယခုတစ်ပတ်အတွင်း နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သော အရှိန်အဟုန်ပြင်းသည့် ကုန်သွယ်ရေးဆွေးနွေးပွဲများအပြီး ယခုကဲ့သို့တိုးတက်မှုများထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဂိုယယ်လ်က ပြောကြားခဲ့ပါသည်။

၎င်းတို့အနေဖြင့် ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ အရမ်းကောင်းမွန်သော ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ ဒေလီမြို့မှာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍအသီးသီးက အရာရှိများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ဆွေးနွေးရန်မပြီးပြတ်သေးသည့်အချက်အားလုံးကို အပြီးသတ်ဖို့ အလျင်အမြန်လုပ်ဆောင်နေပါကြောင်း၊ ဇူလိုင်လလယ်တွင် ပထမအဆင့်သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်နိုင်မည့်အခြေအနေကို ရောက်ရှိလိမ့်မည်ဖြစ်ပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

အဆိုပါပင်လယ်စာအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည့်မိန့်ခွန်းတွင် ဂိုယယ်လ်သည် အိန္ဒိယရေထွက်ပစ္စည်းတင်ပို့မှုကဏ္ဍ၏ရေရှည်တိုးတက်မှုကို အလေးပေးပြောကြားခဲ့ပြီး၊ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှတိုးတက်မှုနှုန်းနှင့် ပြည်တွင်းကုန်သွယ်မှုတိုးတက်မှုကို နှိုင်းယှဉ်ပြောကြားခဲ့ပါကြောင်း၊ လွန်ခဲ့သောဆယ်နှစ်က အခြေခံအဆင့်နှင့်နှိုင်းယှဉ်ပါက အိန္ဒိယ၏ ပင်လယ်စာတင်ပို့မှုသည် သိသိသာသာမြင့်တက်လာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဝန်ကြီးကိုးကားဖော်ပြသော အချက်အလက်များအရ ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ နိုင်ငံ တကာကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၆၄ ဘီလီယံအထိရောက်ရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။

၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် ဒေါ်လာ ၁၈၅-၁၉၅ ဘီလီယံအထိမြင့်တက်ခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့ကုန်သွယ်မှုအရှိန် အဟုန်သည် အလယ်အလတ်အဆင့်တွင်သာရှိခဲ့ကြောင်း ဂိုယယ်လ်က ပြောကြားခဲ့ပါသည်။

Source: India, US to execute first tranche of bilateral trade agreement by mid-July, says Piyush Goyal: The Economic Times: June 05, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News