ဆန်ထုတ်လုပ်မှုအပေါ် အယ်လ်နီညို၏ သက်ရောက်မှုများကြောင့် ဗီယက်နမ်၏ ဇွန်လပထမအပတ်တွင် ဆန်ပို့ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အပူလှိုင်းဒဏ်ကို ရင်ဆိုင်နေရသည့်အတွက် ဆန်ဈေးနှုန်းများမှာ မြင့်မားနေဆဲဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ - ၄၂၀ အတွင်း ဈေးပေါက်ခဲ့ပါသည်။
"အာရှတွင် ဆန်ထုတ်လုပ်မှုအပေါ် အယ်နီညို၏ သက်ရောက်မှုများကြောင့် ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း"ဟိုချီမင်းမြို့အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုအခြေအနေများနှင့် မကြာခဏရင်ဆိုင်ရလေ့ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါ သည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ပြောကြားချက်အရ ဇွန်လမှ ဩဂုတ်လအတွင်း အယ်နီညိုဖြစ်စဉ်ဖြစ်ပေါ်ရန် အလားအလာ ၈၀% ရှိပြီး အနည်းဆုံးနိုဝင်ဘာလအထိ ကြာမြင့်နိုင်ခြေ ၉၀% ရှိကြောင်းခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံသည် မေလတွင် ဆန်တန်ချိန် ၉၂၅,၀၀၀ တန်တင်ပို့ခဲ့ကြောင်း၊ ယင်းမှာ ယမန်နှစ်ထက် ၁၉% မြင့်တက်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်အရသိရှိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း နိုင်ငံ၏စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၄.၃ သန်းအထိတင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၂.၄% တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပူလှိုင်းအပျော့စားမှ အလယ်အလတ်အထိရှိနေခြင်းကြောင့် ရိတ်သိမ်းသည့်လုပ်ငန်းစဉ်ကို အားစိုက်ဆောင်ရွက်နေရကြောင်း၊ အပူချိန်မြင့်တက်မှုသည် အဓိကစိုက်ပျိုးဒေသများရှိ သီးနှံအထွက်နှုန်းကို ထိခိုက်စေပြီး သီးနှံများရေဓာတ်ခန်းခြောက်မှုကို အရှိန်မြှင့်စေကြောင်း တောင်သူများက ပြောကြားခဲ့ပါသည်။ အကြိုမုတ်သုန်မိုးများရွာသွန်းမှုကြောင့် ဆန်တန်ချိန် ၂ သိန်းကျော် ပျက်စီးမှုဖြစ်ကာ ထောက်ပံ့မှုကို ပိုမိုကြပ်တည်းစေခဲ့ကြောင်း တောင်သူများက ထပ်လောင်းပြောကြားခဲ့ပါသည်။
ယင်းအခြေအနေတွင် အိန္ဒိယနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ပြုတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၇ - ၃၄၅ အတွင်း ဈေးပေါက်ခဲ့ပြီး ဝယ်လိုအားအသင့် အတင့်သာရှိကာ ရောင်းလိုအားများပြားနေသောကြောင့် ယမန်သီတင်းပတ်နှင့် မပြောင်းလဲဘဲရှိနေခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ - ၃၄၄ အတွင်း ဈေးပေါက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ - ၄၆၀ အတွင်း ဈေးပေါက်ခဲ့ကြောင်း ဘန်ကောက်မြို့ရှိ ကုန်သည်များက ပြောကြားခဲ့ပါသည်။
တိရစ္ဆာန်အစာအတွက်သုံးသော ဆန်ကွဲဆန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဆန်ဈေးနှုန်းများ ခိုင်မာနေခြင်းဖြစ်ကြောင်း၊ ဝယ်လိုအားမှာ အဓိကအားဖြင့် ပုံမှန်ဖောက်သည်များထံမှ ရရှိကြောင်း ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။
အယ်နီညိုသက်ရောက်မှုအပေါ်မူတည်၍ သုံးလခန့်အတွင်း နောက်သီးနှံအထွက်နှုန်းကို စောင့်ကြည့်နေကြကြောင်း ကုန်သည်များက ပြောကြားခဲ့ပါသည်။
Source: Vietnam rice prices rise on El Nino concerns; Bangladesh rates stay high amid heatwave: The Economic Times: June 06, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)