လေကြောင်းကုန်စည်ပို့ဆောင်ရေးကို အဓိကထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံးလေဆိပ်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တရားဝင်စတင်လည်ပတ်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ပိုမိုဖွံ့ဖြိုးလာ၍ ၎င်း၏လေကြောင်းလိုင်းများ ရောက်ရှိရာနေရာတိုင်းရှိ ပြည်သူများကို အကျိုးပြုလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းကုန်စည်စီးဆင်းရာဗဟိုဌာနတစ်ခုအဖြစ် လျင်မြန်စွာပေါ်ထွက် လာခဲ့သည်။
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်(Hubei Province)၊ အီကျို့မြို့(Ezhou)ရှိ Ezhou Huahu အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုတွင် အိန္ဒိယ နိုင်ငံ၊ ကိုလကတ္တားမြို့မှ လေကြောင်းဖြင့်သယ်ဆောင်လာခဲ့သည့် အလေးချိန် ၉ တန်ကျော်ရှိသော ကဏန်းများကို တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့များသို့ ပို့ဆောင်ရန် ကုန်တင်ကားများပေါ်သို့ တင်ဆောင်နေကြသည်။ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးရန်အတွက် နှစ်နာရီသာကြာမြင့်ခဲ့သည်။
ကုန်စည်ပို့ဆောင်ရေးဂိတ်၏မန်နေဂျာ လျူချန်းလူ(Liu Chenlu)က ဒူးရင်းသီး၊ ကဏန်း၊ ပုစွန်နှင့် ဆော်လမွန်ငါးကဲ့သို့သော လတ်ဆတ်သည့် ကုန်စိမ်းများကို တင်သွင်းလာခဲ့ပြီး စားသုံးသူများထံသို့ ရက်ပိုင်းအတွင်းရောက်ရှိအောင် ပို့ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။
ကောင်းမွန်စွာဖွံ့ဖြိုးလာသည့် လေကြောင်းလိုင်းကွန်ရက်နှင့် ရိုးရှင်းသွားသည့် အကောက်ခွန်လုပ်ငန်းစဉ်များကြောင့် လေဆိပ်သည် လတ်ဆတ်သော အစားအစာများနှင့် အီလက်ထရောနစ်ပစ္စည်း အစိတ်အပိုင်းများကဲ့သို့သော အရည်အသွေးမြင့်နိုင်ငံတကာထုတ်ကုန်များ တရုတ်ပြည်တွင်းဈေးကွက်အတွင်းသို့ ဝင်ရောက်ရာ၌ အရေးပါသည့် တံခါးပေါက်တစ်ခုဖြစ်လာသည်။
Ezhou Huahu အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခုအချိန်ထိ ကုန်တင်လေယာဉ်အစီးပေါင်း ၆၀,၀၀၀ ကျော်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေးနှင့် စာပို့ဆောင်ရေး(mail throughput) တို့၌ တန်ချိန် ၂ သန်းကျော် ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ယင်းလေဆိပ်အနေဖြင့် ပါရီ(Paris)၊ အော်စလို(Oslo)နှင့် ကိုပင်ဟေဂင်မြို့(Copenhagen)များအပါအဝင် နိုင်ငံတကာကုန်တင်လေကြောင်းလိုင်း ၁၅ ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်းလေကြောင်းလိုင်း ၄၅ ခု အထိရှိလာပြီး တိုင်းပြည်၏ကုန်သွယ်မှုကို လွယ်ကူချောမွေ့အောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လေဆိပ်၏လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုသည် ဒေသတွင်းနယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်စီးပွားရေးလုပ်ငန်း(local cross-border e-commerce industry) ၏ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးလျက်ရှိသည်။
လေဆိပ်အနီးရှိ တရုတ်(အီကျို့)နယ်စပ်ဖြတ်ကျော်အီလက်ထရောနစ်စီးပွားရေးစက်မှုဇုန်(China (Ezhou) Cross-border E-commerce Industrial Park) တွင် တိုက်ရိုက်ထုတ်လွှင့်သူများသည် ကစားစရာအရုပ်များ(toys)၊ ပွဲတော်အလှဆင်ပစ္စည်းများ(festival decorations)နှင့် ကလေးတွန်းလှည်းများ(baby strollers) ကဲ့သို့သောကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများထံ အင်္ဂလိပ်နှင့် တရုတ်နှစ်ဘာသာဖြင့် မနက်မှ ညအထိ ကြော်ငြာရောင်းချနေကြသည်။
စက်မှုဇုန်အတွင်းရှိ တိုက်ရိုက်ထုတ်လွှင့်သူများထဲမှ တစ်ဦးဖြစ်သူ ပါကစ္စတန်နိုင်ငံသား အဗ္ဗဒူလ္လာ(Abdullah)သည် အမေရိကန်နိုင်ငံသို့ ဒရုန်းငယ်များ(small drones)ရောင်းချနေသည်။ လေဆိပ်၏ နိုင်ငံတကာကုန်တင်လေယာဉ်များ မကြာ ခဏပျံသန်းမှုကြောင့် ကုန်ပစ္စည်းများသည် စားသုံးသူအများစုထံသို့ တစ်ပတ်အတွင်း ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
အဗ္ဗဒူလ္လာလုပ်ကိုင်သည့် နိုင်ငံတကာကုန်သွယ်ရေး ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြား ရေးမှူးဖြစ်သူ ချန်လင်း(Qian Ling)က အီကျို့မြို့၏လေကြောင်းကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ထူးခြားသောအားသာချက်များသည် စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိကြောင်း ပြောကြားခဲ့သည်။ လေဆိပ်အနီး၌ရှိခြင်းကြောင့် ကုန်ပစ္စည်း တင်သွင်း/တင်ပို့သူများအတွက် သယ်ယူပို့ဆောင်ရေးစွမ်းရည် သိသိသာသာတိုးတက်လာကြောင်းနှင့် စက်မှုဇုန်တွင် ကျွန်ုပ်တို့လိုအပ်သော အရင်းအမြစ်အားလုံးနီးပါး ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစက်မှုဇုန်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် e-commerce စီးပွားရေးလုပ်ငန်းပေါင်း ၂၅၈ ခု ဇုန်တွင် မှတ်ပုံတင်လုပ်ကိုင်ခဲ့ကြပြီး ကုန်သွယ်မှုအနေဖြင့် အမေရိကန် ဒေါ်လာသန်း ၃၁၀ ရှိခဲ့သည်။
စက်မှုဇုန်၏မန်နေဂျာ ဘီဝေး(Bi Wei)က မိမိတို့၏လုပ်ငန်းခွင်သည် လက်ရှိတွင် အင်အားပြည့်နီးပါးဆောင်ရွက်လျက်ရှိပြီး မကြာမီ ရုံးခန်းအဆောက်အအုံသစ်များဆောက်လုပ်ရန်စတင်တော့မည်ကြောင်း ပြောခဲ့သည်။
အထူးသဖြင့် စက်မှုဇုန်တွင် အကောင့်လည်ပတ်မှုများ(account operations)နှင့် ဗီဒီယိုထုတ်လုပ်ခြင်း(video production)တို့အတွက် အခမဲ့လက်တွေ့သင်ကြားပို့ချမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအချိန်တွင် ကျကျန်း(Zhejiang)၊ ရှန်ဟိုင်း(Shanghai)နှင့် ကျန်းရှီး(Jiangxi)အပါအဝင် ပြည်နယ်အဆင့်ဒေသများစွာမှ လူပေါင်း ၆၀၀ ကျော် သင်တန်းတက်ရောက်လျက်ရှိသည်။
ရှင်းကျန်းပြည်နယ်(Xinjiang)မှ စီးပွားရေးလုပ်ငန်းရှင် ရန်ယာဘင်(Yang Yabin) က နယ်စပ်ဖြတ်ကျော်အီလက်ထရောနစ်စီးပွားရေး(Cross-border e-commerce) သည် အခွင့်အလမ်းများစွာရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ အီကျို့မြို့၏ အတွေ့ အကြုံများကို မိမိဇာတိမြို့သို့ ယူဆောင်သွားပြီး မိမိတို့၏ ထူးခြားကောင်းမွန်သောကုန်ပစ္စည်းများကို လူအများစားသုံးနိုင်အောင်လုပ်ဆောင်ချင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအကယ်ဒမီ (Chinese Academy of International Trade and Economic Cooperation)မှ သုတေသီဟုန်ယုံး(Hong Yong)က လေဆိပ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကွန်ရက်ကိုအသုံးချလျက် အီကျို့မြို့သည် နယ်စပ်ဖြတ်ကျော်အီလက်ထရောနစ် စီးပွားရေး၊ စက်မှုလုပ်ငန်းစုများ(industrial clusters)နှင့် လေဆိပ်စီးပွားရေး (airport economy) တို့ကိုပေါင်းစည်းနိုင်သည့် နည်းလမ်းတစ်ခုကို ထူထောင်ခဲ့ကြောင်းပြောကြားခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ၏ အခြားကုန်းတွင်းပိုင်းဒေသများအတွက် စီးပွားရေးတိုးတက်မှုကို စံနမူနာတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0829/c98389-20359277.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)