International News

၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်မှုအားနည်းမှုအပေါ် Joint Standing Committee on Commerce, Industry and Banking(JSCCIB)က စောင့်ကြည့်လျက်ရှိ

Last Updated:

ပို့ကုန်နှေးကွေးခြင်း၊အိမ်ထောင်စုကြွေးမြီမြင့်မားခြင်းနှင့်ကမ္ဘာ့ဈေးကွက် များတွင် ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် နှစ် ၃၀ အတွင်း အားအနည်းဆုံးတိုးတက်မှုအတွက် ပြင်ဆင်လျက်ရှိရာ GDP တိုးတက်မှုသည် ၂ ရာခိုင်နှုန်းသာရှိမည်ဟု Joint Standing Committee on Commerce, Industry and Banking(JSCCIB)က ခန့်မှန်းထားကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Panel eyes weak economic growth” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ GDP ကို ၆.၁ ရာခိုင်နှုန်းကျုံ့သွားစေပြီး  အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည့်နှစ်များကို တိုးတက်မှုခန့်မှန်းချက်တွင် မထည့်သွင်းထားပါကြောင်း၊ အမေရိကန်က ဗင်နီဇွဲလားအပေါ် ရုတ်တရက်စစ်ရေးတိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် ကမ္ဘာလုံးဆိုင်ရာမရေမရာမှုများမြင့်တက်လာချိန်တွင် ကမ္ဘာ့စနစ်တည်ငြိမ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် ရှည်လျားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရပြီး မူဝါဒချမှတ်သူများနှင့် စီးပွားရေးလုပ်ငန်းများသည် မြင့်တက်လာသော ဖိအားများနှင့် ရင်ဆိုင်နေရပါကြောင်း၊ GDP တိုးတက်မှုသည် ၁.၆ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအကြားရှိမည်ဟုမျှော်လင့်ရပြီး ပို့ကုန်သည် ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင် နှုန်းအထိကျုံ့သွားနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် (-) ၀.၂ ရာခိုင် နှုန်းမှ ၀.၇ ရာခိုင်နှုန်းအကြားတွင် တည်ငြိမ်နိုင်ကြောင်း JSCCIB က ခန့်မှန်းထားပါသည်။

ကော်မတီအနေဖြင့် စီးပွားရေးကျဆင်းမှုအတွက် စိုးရိမ်နေပါကြောင်း၊ အစိုးရသစ်အနေဖြင့် စက်မှုလုပ်ငန်းအဟောင်းများကို စက်မှုလုပ်ငန်းသစ်များအဖြစ် ပြောင်းလဲရန် အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ နည်းပညာပြောင်းလဲမှုသည် စီးပွားရေးကို ပြန်လည်နိုးကြားစေရန် မရှိမဖြစ်လိုအပ်ကြောင်း၊ အမေရိကန်၏ အခွန်ကောက်ခံမှုနှင့် ဘတ်ငွေတန်ဖိုးမြင့်တက်လာမှုကြောင့် ပို့ကုန်များသည် ဖိအားအောက်တွင် ဆက်လက်ရှိနေနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ငွေလဲနှုန်းတွင် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ငွေကြေးသည် ၈ ရာခိုင်နှုန်းကျော်ခိုင်မာလာခဲ့ပြီး ထိုင်းနိုင်ငံသည် နိုင်ငံတကာကုန်သွယ်ရေးတွင် ယှဉ်ပြိုင်နိုင်စွမ်းဆုံးရှုံးခဲ့ရကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်၏ဥက္ကဋ္ဌနှင့် JSCCIB အဖွဲ့ဝင် Kriengkrai Thiennukul က ပြောကြားခဲ့သည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းကို လွှမ်းမိုးနိုင်သည့် ရွှေရောင်းဝယ်မှုကို စောင့်ကြည့်ရန် အစိုးရအား တိုက်တွန်းလိုကြောင်း၊ ဘတ်ငွေတန်ဖိုးမြင့်တက်လာခြင်းသည် ခရီးသွားလုပ်ငန်းနှင့်အတူ ထိုင်းစီးပွားရေးကို မောင်းနှင်ပေးသည့် ပို့ကုန်ကဏ္ဍကို ထိုးနှက်ချက်ဖြစ်စေပါကြောင်း၊ ဘတ်ငွေတန်ဖိုးပြောင်းလဲမှုများကို အနီးကပ်လေ့လာသုံးသပ်ခြင်းသည် အစိုးရအတွက် အရေးတကြီးလုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် အိမ်ထောင်စုကြွေးမြီသည် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင် ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီနှင့် GDP အချိုးသည် ၈၆.၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ရာ ငွေချေးသူများ၏ ချေးငွေအသစ်များရယူနိုင်စွမ်းကို ကန့်သတ်ထားသဖြင့် ဘဏ်များကို ငွေချေးခြင်းဆိုင်ရာ စံနှုန်းများအားတင်းကျပ်ရန် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ထိုင်းကုန်သည် ကြီးများအသင်းဥက္ကဋ္ဌနှင့် JSCCIB အဖွဲ့ဝင် Mr.Poj Aramwattananont က ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများသည်လည်း မရေမရာမှုများကို ပိုမိုဆိုးရွားစေပါကြောင်း၊အမေရိကန်၏ကျူးကျော်မှုသည်ထောက်ပံ့ရေးကွင်းဆက် များကို အနှောင့်အယှက်ဖြစ်စေပြီး ထိုင်းနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍကို ထိခိုက်စေနိုင်သည်ဟု မိမိတို့က ထောက်ပြခဲ့သော်လည်း ထိုင်းနှင့်ဗင်နီဇွဲလားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ရှိရာ ကုန်သွယ်မှုပမာဏနည်းပါးသောကြောင့် သက်ရောက်မှုမှာ အကန့်အသတ်ရှိမည်ဟု မျှော်လင့်ရကြောင်း၊ သို့ရာတွင် ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးဆက်များသည် ပိုမိုကျယ်ပြန့် သောအကျိုးဆက်များဖြစ်ပေါ်စေနိုင်ကြောင်းကို စီးပွားရေးဦးဆောင်သူ များက သတိပေးကြပါသည်။

လက်တင်အမေရိကရှိ စစ်ရေးသပိတ်များသည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုစီးဆင်းမှုအပေါ် စိုးရိမ်မှုများကို မြင့်တက်စေခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးများ၏ ပြောင်းလဲမှုများကို ထိုင်းနိုင်ငံက လိုက်လျောညီထွေဖြစ်စေရေး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် JSCCIB အဖွဲ့ဝင် Mr. Payong Srivanich အကြံပြုထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News