International News

ထိုင်းနိုင်ငံအစိုးရက ဆန်အတွက် အထောက်အပံ့ဆိုင်ရာအစီအမံများကို သက်တမ်းတိုးခဲ့

Last Updated:

လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်အတက်အကျဖြစ်နေမှုကြောင့် ဆန်အထောက်အပံ့ဆိုင်ရာအစီအမံများသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “State rice support measures extended” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါ သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစိုးရအဖွဲ့အစည်း အဝေးသို့ ကိစ္စရပ်(၃)ခုအတွက် ခွင့်ပြုချက်တောင်းခံခဲ့ပါကြောင်း၊ ပထမကိစ္စရပ်မှာ ၂၀၂၃-၂၀၂၄ စပါးစိုက်ပျိုးရာသီမှ စပါးများသိုလှောင်ထားသောဆန်ကုန်သည်များအတွက် အတိုးလျော်ကြေးပေးရေးအစီအစဉ်ကို သက်တမ်းတိုးပေးရန်ဖြစ်ပြီး ယင်းအစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်း လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်အတက်အကျဖြစ်နေမှုကြောင့် ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထိ နောက်ထပ် ၆ လ သက်တမ်းတိုးပေးရန်ဖြစ်ပါကြောင်း၊ ဆန်သိုလှောင်မှုအတွက် အတိုးလျော်ကြေးပေးရေးအစီအစဉ်သည် တောင်သူများထံမှ စပါးဝယ်ယူရန် ငွေဖြစ်လွယ်မှုတိုးမြှင့်စေခြင်းဖြင့် ဆန်ကုန်သည်များအတွက် အစိုးရအစီအမံတစ်ခုဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်၏ အတိုးနှုန်းမှာ ၁ နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင် နှုန်းဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဆန်အလုံးအရင်းဖြင့် ဝင်လာသည့်ကာလအတွင်း ဝယ်ယူသိုလှောင်နိုင်ရန် ဘဏ်မှချေးငွေရယူသည့် ကုန်သည်များအတွက်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Siripong Angkasakulkiat က ပြောကြားခဲ့သည်။

ဒုတိယကိစ္စရပ်မှာ ၂၀၂၅-၂၀၂၆ ဆန်ထုတ်လုပ်သည့်ရာသီအတွင်း စပါးနောက်ကျရောင်းချသည့် ချေးငွေအစီအစဉ်တွင်ပါရှိသည့် ဆန်ဖြူ၊ ပသူသနီဆန်နှင့် ကောက်ညှင်းဆန်တို့အတွက် ၁ တန်လျှင် ချေးငွေကန့်သတ်ချက်ကို လျှော့ချပေးရန်ဖြစ်ကြောင်း၊ နိုင်ငံအဆင့် ဆန်မူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီက ဆန်ဈေးနှုန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလပျမ်းမျှနှုန်းထားအပေါ် တွက်ချက်ရာ ချေးငွေပမာဏမှာ ဘတ် ၃၆.၂၃ ဘီလီယံမှ ၃၅.၀၁ ဘီလီယံသို့ လျော့နည်းသွားပါကြောင်း၊ အစိုးရအဖွဲ့က အဆိုပြုလွှာ(၂)ခုပေါ် ခွင့်ပြုပေးခဲ့သော်လည်း လာမည့်အစိုးရသစ်အတွက် ကတိချည်နှောင်ထားခြင်းမပြုပါကြောင်း၊ တတိယတစ်ခုမှာ အရည်အသွေးမြင့်ဆန်စိုက်ပျိုးရန်အတွက် တောင်သူအုပ်စု ၂၀၀ အပေါ် ထောက်ပံ့ပေးမည့် ဘတ် ၁၂၀ သန်းဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီတွင် ဆန်တန်ချိန် ၃ သန်းကောက်ယူမှုနှင့်စပ်လျဉ်း၍ ၂၀၂၇ ခုနှစ် မတ်အထိ ဆောင်ရွက်ရန်သတ်မှတ်ထားပါကြောင်း၊ ယင်းအစီအစဉ်သည် အစိုးရဘတ်ဂျက်နှင့် အရေးပေါ်ရန်ပုံငွေမှ ဘတ် ၁.၆၈ ဘီလီယံရယူဆောင်ရွက်ရမည်ဖြစ်ရာ လာမည့်အစိုးရသစ်အတွက် ကတိကဝတ်ဖြစ်စေနိုင်သောကြောင့် ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း Mr. Siripong က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News