International News

အမေရိကန်သမ္မတအနေဖြင့် မော်ရိုကိုနိုင်ငံမှ ဖော့စဖိတ်ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်အချို့ကို ယာယီဆိုင်းငံ့ခွင့်ပြုလိုက်

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်သည် အမေရိကန်နိုင်ငံ၏စားနပ် ရိက္ခာဖူလုံရေးကို ကာကွယ်ရန်နှင့် ပြည်တွင်းစိုက်ပျိုးရေးထုတ်လုပ်မှုကို ထောက်ပံ့ရန်အတွက် မော်ရိုကိုနိုင်ငံမှ တင်သွင်းလာသည့် ဖော့စဖိတ်ဓာတ်မြေဩဇာအပေါ်ကောက်ခံသည့် အခွန်အချို့ကို ယာယီဆိုင်းငံ့လိုက်သည့် သမ္မတ၏ကြေညာချက်တစ်ရပ်ကို ၂၉-၆-၂၀၂၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သမ္မတအိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါကြေညာချက်သည် အမေရိကန်နိုင်ငံ၏စိုက်ပျိုးရေးထုတ်ကုန်ဝယ်လိုအားကို ဖြည့်တင်းနိုင်ရန်အတွက် ဓာတ်မြေဩဇာ လုံလောက်စွာရရှိနိုင်စေရန် အရေးပေါ်အခြေအနေအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မော်ရိုကိုနိုင်ငံမှ ဖော့စဖိတ်ဓာတ်မြေဩဇာတင်သွင်းခြင်းအတွက် နိုင်ငံ တကာကုန်သွယ်ရေးတွင် ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန် ချမှတ်ကောက်ခံလေ့ရှိသော Anit-dumping နှင့် Countervailing အခွန်များကို ရက်ပေါင်း ၂၄၀ (၈ လ) သို့မဟုတ် အရေးပေါ်အခြေအနေပြီးဆုံးသည်အထိယာယီဆိုင်းငံ့ခြင်းဖြစ်ကြောင်း၊ ဖော့စဖိတ်ဓာတ်မြေ ဩဇာသည် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအတွက် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာတစ်မျိုးဖြစ်ပြီး အမေရိကန်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးအတွက်အရေးပါကြောင်း၊ ဤကြေညာချက်သည် အမေရိကန်လယ် သမားများအတွက် ဖော့စဖိတ်ဓာတ်မြေဩဇာများကိုအချိန်မီလုံလောက်စွာရရှိစေနိုင်မည်ဖြစ်ကာ အမေရိကန်စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေရှည်တည်ငြိမ်မှုကို  ထောက်ပံ့ပေးနိုင်ဖြစ်မည်ကြောင်း၊ အမေရိကန် သမ္မတထရမ့်အနေဖြင့် အမေရိကန်လယ်သမားများနှင့်စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်ချက်များအဖြစ် အမေရိကန်လယ်သမားများအတွက် အခွန်သက်သာခွင့်များဆောင်ရွက်ပေးခြင်း၊ ၎င်း၏ “America First Trade Agenda” ဖြင့် ကမ္ဘာ့ဈေးကွက်ဝင်ရောက်ခွင့်၊ လယ်သမားများ၏ဝင်ငွေနှင့် ကျေးလက်ဒေသအလုပ်အကိုင်ရရှိရေးတို့ကိုမြှင့်တင်ပေးခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ကုန်သွယ်မှုလိုငွေကို လျော့ကျစေရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ၏ ဖော့စဖိတ်ဓာတ်မြေဩဇာထုတ်လုပ်မှုသည် ပြည်တွင်းစိုက်ပျိုးရေးစားနပ်ရိက္ခာထုတ်လုပ်မှုအတွက်လုံလောက် မှုမရှိသည့်အတွက် အစိုးရအနေဖြင့် ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ် မှုတိုးချဲ့နိုင်ရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော် လည်းအချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အရေးပေါ်ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ မော်ရိုကိုနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် အမေရိကန် နိုင်ငံအတွက် ဖော့စဖိတ်ဓာတ်မြေဩဇာများ လိုအပ်သလောက်ထောက်ပံ့ပေးနိုင်သဖြင့် ယင်းသို့တင်သွင်းရာတွင် လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအရေးကြီးကြောင်း၊ ၁၉၃၀ ပြည့်နှစ် အကောက်ခွန်အက်ဥပဒေပုဒ်မ၃၁၈(က)အရ အရေးပေါ်အခြေအနေကြေညာရန်နှင့် ယင်းအရေးပေါ်အခြေအနေဆက်လက်တည်ရှိနေစဉ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးနှင့်ခွဲစိတ်ကုသရေးနှင့် အခြားအထောက်အပံ့ပစ္စည်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုရန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကို သင့်လျော်သည့် အခွင့်အာဏာပေးအပ်ထားကြောင်း သမ္မတ၏ကြေညာ ချက်တွင် ဖော်ပြထားပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News