International News

အိန္ဒိယ-အစ္စရေး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်စတင်အသက်ဝင်ခဲ့

Last Updated:

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယ-အစ္စရေးနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်(Bilateral Invest ment Agreement-BIA)သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

နှစ်နိုင်ငံအစိုးရတို့အကြား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နယူးဒေလီမြို့၌ လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်(BIA)သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင်အသက်ဝင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြား ခဲ့ပါသည်။

အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံအကြားလုံခြုံပြီး ခန့်မှန်းနိုင်သော ရင်းနှီး မြှုပ်နှံမှုဝန်းကျင်ကို ဖော်ဆောင်ရန်ဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေ၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေခံမူများနှင့်အညီ အစိုးရ၏ တရားဝင်ပြည်သူ့မူဝါဒဆိုင်ရာ ရည်မှန်းချက်များကို ဆောင်ရွက်နိုင်ခွင့် (Policy Space)ကို ထိန်းသိမ်းထားရှိပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသောအကာအကွယ်များပေးနိုင်ရန်ရည်ရွယ် ပါသည်။ အဆိုပါသဘောတူညီချက်သည် နယ်စပ်ဖြတ်ကျော်ရင်းနှီး မြှုပ်နှံမှုကိုတိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်ဖြစ်ကြောင်း မျှော်မှန်းထားပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနှင့် အစ္စရေးတို့သည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)အတွက် ညှိနှိုင်းဆွေးနွေးရန် Terms of Reference-TOR ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush Goyal က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများစတင်ရန်ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။

နှစ်နိုင်ငံအကြား စီးပွားရေးအရပူးပေါင်းဆောင်ရွက်ရန် "အကန့်အသတ်မရှိသော အလားအလာများနှင့် စွမ်းဆောင်ရည်များ" ရှိနေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူသဘောတူညီချက်ကို အကောင် အထည်ဖော်ပြီးမကြာမီတွင် ယင်းသဘောတူညီချက်နှင့်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တို့သည် ပိုမိုကျယ်ပြန့်သော ဈေးကွက်ဝင်ရောက်ခွင့်၊ အရင်းအနှီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုများတွင် တံခါးပွင့်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အတားအဆီးများကိုဖယ်ရှားပေးမည်ဖြစ်ပြီး စီးပွားရေးထိတွေ့ဆက်ဆံမှုများတွင် ခန့်မှန်းနိုင်မှုနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။

Source: India-Israel bilateral investment pact comes into force: The Economic Times: July 04, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News