International News

တရုတ်နိုင်ငံသည် အိန္ဒိယအေးခဲပုစွန်တင်ပို့မှုတိုးတက်ရေးအတွက် အဓိကတွန်းအားဖြစ်လာပြီး ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်က ထိပ်ဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေ

Last Updated:

တရုတ်နိုင်ငံတွင်း၌ ပင်လယ်စာဝယ်လိုအား သိသိသာသာမြင့်တက်လာမှုသည် အိန္ဒိယနိုင်ငံ၏အေးခဲပုစွန်တင်ပို့မှုကဏ္ဍကို များစွာအထောက် အကူပြုခဲ့ပြီး ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးပို့ကုန်ပမာဏသို့ရောက်ရှိခဲ့ကြောင်း အိန္ဒိယစီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ တရား ဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါဦးစီးဌာနက ယင်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မျှဝေခဲ့သည့် အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယပုစွန်များကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁ ဘီလီယံဖိုး အထိဝယ်ယူခဲ့ပြီး အဓိကအကျဆုံးသော ပန်းတိုင်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ တရုတ်နိုင်ငံသည် အိန္ဒိယထံမှ အမေရိကန်ဒေါ်လာ ၉၄၁ ဒသမ ၆ သန်းဖိုးအထိအရှိန်အဟုန်ဖြင့် တိုးမြှင့်ဝယ်ယူလာခဲ့ခြင်းကြောင့် အိန္ဒိယပုစွန်ပို့ကုန်ကဏ္ဍတိုးတက်လာစေရန် နောက်ကွယ်မှ ပံ့ပိုးပေးသည့် အဓိကတိုးတက်မှုအင်ဂျင်အသစ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်ကြောင်းသိရသည်။ "အိန္ဒိယပင်လယ်စာထုတ်ကုန်တွေအပေါ် အခုလိုစဉ်ဆက်မပြတ်ဝယ်လိုအားရှိနေတာဟာ အိန္ဒိယရဲ့အဏ္ဏဝါပို့ကုန်ကဏ္ဍရဲ့ခိုင်မာမှုနဲ့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုကို အထင် အရှားပြသနေတာဖြစ်ပါတယ်"ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ယခုကဲ့သို့စံချိန်တင်ပို့ကုန်ကိန်းဂဏန်းများ ထွက်ပေါ်လာချိန်သည် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့၏ ပင်လယ်စာပို့ကုန်ဈေးကွက်များကို လက်ရှိထက် ပိုမိုစုံလင်အောင်တင်ပို့ရန်နှင့်ကမ္ဘာ့ဈေးကွက် အတွင်း ယှဉ်ပြိုင်နိုင်စွမ်းအား ပိုမိုကောင်းမွန်လာစေရန်အတွက် အထူးအလေး ပေးကြိုးပမ်းနေသည့်အချိန်လည်းဖြစ်သည်။ထိုသို့သောကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အိန္ဒိယဗဟိုအစိုးရသည် ၂၀၂၆ ခုနှစ်၊ ဇွန်လဆန်းတွင် ဗီဆာခါပတ္တနမ်မြို့၌ နှစ်ရက်ကြာကျင်းပသည့် 'Chin tan Shivir'အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဦးစီးကျင်းပခဲ့ကြောင်းသိရသည်။ ယင်းဆွေးနွေးပွဲတွင် ပင်လယ်စာလုပ်ငန်းနယ်ပယ်မှ သက်ဆိုင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူ များအားလုံး စုံစုံလင်လင်တက်ရောက်ခဲ့ကြပြီး အိန္ဒိယ၏ပင်လယ်စာပို့ကုန်ကဏ္ဍကို ရေရှည်တိုးချဲ့သွားနိုင်မည့် ရှေ့လုပ်ငန်းစဉ်လမ်းပြမြေပုံတစ်ခုကို ဝိုင်းဝန်းရေးဆွဲခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အဏ္ဏဝါထုတ်ကုန်များတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(MPEDA)၏ဥက္ကဋ္ဌဖြစ်သူ K S Srinivas က ၂၀၂၅ -၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဈေးကွက်အခြေအနေများခက်ခဲနေလင့်ကစား အိန္ဒိယ၏ပင်လယ်စာတင်ပို့မှုသည် ပမာဏအားဖြင့် မက်ထရစ်တန်ချိန် ၁,၉၇၂,၀၁၈ အထိရှိခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၆ ဘီလီယံအထိရရှိခဲ့သဖြင့် သမိုင်းဝင်စံချိန်တင်နိုင်ခဲ့ကြောင်း အချက်အလက်များနှင့်တကွ ရှင်းလင်းတင်ပြခဲ့သည်။ ယခုအခါ လုပ်ငန်းကဏ္ဍအတွင်း သာမန်ရေထွက်ကုန်များထက် တန်ဖိုးမြှင့်ပင်လယ်စာထုတ်ကုန်များကို ပိုမိုတောင်းဆိုလာကြပြီး၊ လာမည့်နှစ်များတွင်လည်း ပို့ကုန်တိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် ဈေးကွက်သစ်များရှာဖွေခွဲထုတ်ခြင်းဗျူဟာသည် အဓိကသော့ချက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ရေလုပ်ငန်းဦးစီးဌာနအပါအဝင် MPEDA တို့နှင့်အနီးကပ်ပူးပေါင်းကာ ပို့ကုန်မြှင့်တင်ရေးရေရှည်ဗျူဟာများကို ချမှတ်အကောင်အထည်ဖော် လျက်ရှိသည်။ ယင်းလုပ်ငန်းစဉ်များတွင် အိန္ဒိယရေထွက်ကုန်များ၏ အရည် အသွေးစံနှုန်းများကို နိုင်ငံတကာအဆင့်မီမြှင့်တင်ခြင်း၊ ပို့ကုန်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်း၊ ကမ္ဘာ့ဈေးကွက်သစ်များသို့ ဝင်ရောက်ခွင့်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ပါဝင်သည့်အပြင် အိန္ဒိယ၏စုစုပေါင်းအဏ္ဏဝါပို့ကုန်ကဏ္ဍတစ်ခုလုံးတွင် သာမန်ကုန်ကြမ်းထက်အမြတ်အစွန်းပိုမိုရရှိစေမည့်တန်ဖိုးမြှင့်ပင်လယ်စာထုတ်ကုန်များပါဝင်မှုရာခိုင်နှုန်း ပိုမိုများပြားလာစေရန်အတွက်ပါ အလေးထားလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

Source: The Economic Times: China emerges as key growth driver for India's frozen shrimp exports; US remains top market in FY26

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News