ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် ဗန်ကောက်အမြန်လမ်းနှင့် မြေအောက်ရထားလိုင်းအော်ပရေတာဖြစ်သော BEM ကုမ္ပဏီနှင့်ပူးပေါင်းကာ “Thailand: The Land of Tropical Fruits” သစ်သီးပွဲတော်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် “DIT X MRT: သစ်သီးဝလံများ မြေအောက်ရထားလိုင်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချခြင်း”အစီအစဉ်ကို MRT စနစ်အတွင်း စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။ ယခုပွဲတော်ကို ဇူလိုင် ၁၀ ရက်တွင် MRT စုတုချက်(Chatuchak)ဘူတာရှိ Metro Mall ဧရိယာ၌ တရားဝင်ဖွင့်လှစ်ခဲ့ပြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားကူးသန်းဝန်ကြီး Ms. Supajee Suthamphan ၏လယ်ယာထွက်ကုန်များ အရှိန် အဟုန်ဖြင့် ဖြန့်ဖြူးရေးနှင့် ထိုင်းသစ်သီးဝလံများစားသုံးမှုမြှင့်တင်ရေးမူဝါဒအရ တောင်သူများအတွက် စျေးကွက်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်ရည်ရွယ်ခြင်းဖြစ်သည်။
ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Witayakorn Maneenet ၏ပြောကြားချက်အရ ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ ရာသီပေါ်သီးနှံများအထွက်နှုန်း သိသိသာသာမြင့်တက်လာခဲ့ရာ၊လယ်သမားများ ကုန်စည်ပိုလျှံမှုဘေးအန္တရာယ်မှ ကာကွယ်ရန်နှင့် စျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်စေရန်အတွက် နေ့စဉ်ခရီးသည်သန်းနှင့်ချီစီးနင်းလျက်ရှိသော မြေအောက်ရထားကွန်ရက်(Mass Transit System)ကိုအသုံးချကာ စိုက်ခင်းများမှ လတ်ဆတ်သော အသီးအနှံများကို မြို့ပြပြည်သူ များထံ တိုက်ရိုက်အရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်။ ဤပွဲတော်ကို ဇူလိုင် ၁၀ ရက်မှ ၂၄ ရက် အထိ နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ MRT စုတုချက်ဘူတာအပြင်၊ MRT လတ်ပရောင်း (Ladprao)နှင့် MRT ဆူခွန်ဗစ်(Sukhumvit)ဘူတာများအနီးရှိ အရောင်းကောင်တာများတွင် ကျင်းပသွားမည်ဖြစ်သည်။
ယခုပွဲတော်တွင် ထိုင်းနိုင်ငံတစ်ဝန်းရှိ စိုက်ခင်းများမှ တိုက်ရိုက်ထွက်ရှိသော မင်းကွတ်သီး၊ ကြက်မောက်သီး၊ စလတ်သီး၊ မတ်မုံသီး(Longan)၊ သရက်သီး၊ အုန်းသီး၊ ကွဲကောသီး၊ ငှက်ပျောသီး၊ နာနတ်သီးနှင့် ဒူးရင်းသီးကဲ့သို့သော အရည်အသွေးမြင့်သစ်သီးဝလံများအပြင်၊ ပြည် တွင်းကုန်သွယ်မှုဦးစီးဌာနက ပံ့ပိုးထားသော မဖြစ်မနေသွားရမည့် ဈေးရောင်းပွဲတော်(Must-See Market)မှ ထူးခြားသည့် လူထုအခြေပြုထုတ်ကုန်များကိုလည်း တရားမျှတသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။ ထို့ပြင် စားသုံးသူများအား ဆွဲဆောင်နိုင်ရန်အတွက် ၅၉ ဘတ်ဖြင့် မင်းကွတ်သီးများကို မိမိတို့စိတ်ကြိုက်အကန့် အသတ်မရှိထည့်ယူနိုင်မည့် "All You Can Fill" အစီအစဉ်နှင့် MRT ရထားစီးခရီးသည်များအတွက် ရထားတွင်းမှ Tag အမှတ်အသားကို ပြသရုံဖြင့် သစ်သီးတစ်ကီလိုဝယ်လျှင် တစ်ကီလိုအခမဲ့ပေးမည့် အထူးပရိုမိုးရှင်းများစွာကိုလည်း ထည့်သွင်းကျင်းပပေးနေကြောင်း သိရသည်။
ကိုးကား။ Ministry of Commerce,Thailand
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)