International News

WTO ၏ ငါးလုပ်ငန်းအထောက်အပံ့ပေးမှုဆိုင်ရာသဘောတူညီချက်အား အကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၁၇ နိုင်ငံကို ရန်ပုံငွေပံ့ပိုးမည်

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ငါးလုပ်ငန်းရန်ပုံငွေ ဦးဆောင်ကော်မတီက ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အစည်းအဝေး၌ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်အား အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၁၇ နိုင်ငံကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၂ သန်းနီးပါးရှိ ရန်ပုံငွေများ ပံ့ပိုးပေးရန် အတည်ပြုလိုက်သည်။

အတည်ပြုစီမံကိန်းများသည် နိုင်ငံများ၏ လိုအပ်ချက်ဆန်းစစ်ခြင်း၊ အစီရင်ခံမှု လုပ်ထုံးလုပ်နည်းများ မြှင့်တင်ခြင်း၊ အချက်အလက်ကောက်ယူမှုနှင့် စည်းမျဉ်းမူဘောင်များ ပိုမိုခိုင်မာစေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် WTO အဖွဲ့ဝင် ၄၀ ကျော်သည် ငါးလုပ်ငန်းရန်ပုံငွေအဖွဲ့၏ ပံ့ပိုးကူညီမှုကို ရရှိခံစားနေကြပြီဖြစ်သည်။

အစည်းအဝေး၌ ပထမအကြိမ်ထောက်ပံ့ခဲ့သည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၉ သန်းနီးပါးရှိ စီမံကိန်း ၂၆ ခု ၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ အခြားရန်ပုံငွေများနှင့် ချိတ်ဆက်နိုင်သည့် ပိုမိုရှုပ်ထွေးသော Category 2 projects များ အဆိုပြုနိုင်ရန် လိုအပ်သော ဆန်းစစ်မှုများပြုလုပ်နိုင်ရေးနှင့် ရန်ပုံငွေအကူအညီများသည် သဘောတူညီချက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိရေး စသည့် အကြံပြုချက်များကို အတည်ပြုခဲ့ပါသည်။

WTO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Jennifer DJ Nordquist က ရန်ပုံငွေအထောက်အပံ့များသည် ၁၀ လမပြည့်ခင် ကာလအတွင်း ရလဒ်များ ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ဆက်လက်ထောက်ပံ့နိုင်ရန်လည်း စိစစ်နေကြောင်း၊ သဘောတူညီချက် အကောင်အထည်ဖော်ရေး နောက်တစ်ဆင့်တွင် ပိုမိုရှုပ်ထွေးသော စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကော်မတီပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် ပီရူးနှင့် သြစတြေးလျနိုင်ငံတို့ကလည်း ကော်မတီ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်နိုင်ငံများအတွက် ရလဒ်များကို ဖော်ဆောင်ပေးနိုင်စွမ်းရှိသည့် ရန်ပုံငွေတစ်ခု တည်ထောင်ရန် အရေးကြီးမှုတို့ကို တင်ပြခဲ့ပါသည်။ 

ထို့ပြင် စီမံကိန်းအဆိုပြုလွှာများ အကဲဖြတ်ရာတွင် ကူညီခဲ့သည့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IFAD)၊ ကမ္ဘာ့ဘဏ်အုပ်စုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ကို အသိအမှတ်ပြုခဲ့ကြပါသည်။ 

တတိယအကြိမ်မြောက်၊ အဆိုပြုလွှာခေါ်ယူမှုကို ၂၀၂၇ ခုနှစ်၊ ပထမသုံးလပတ် (ဇန်နဝါရီ - မတ်လ) တွင် စတင်ရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။

Source:   https://commerce.gov.mm/

Category: International News