International News

ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်တွင်းတောင်သူများအကျိုးစီးပွားအတွက် အိန္ဒိယကြက်သွန်နီတင်သွင်းခွင့်ကို ရပ်ဆိုင်း

Last Updated:

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံအတွင်းရှိ ပြည်တွင်းစိုက်ပျိုးရေးတောင်သူများ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီတင်သွင်းခွင့်ပါမစ်အသစ်(Fresh Import Permits)များထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု The Times of India – TOI သတင်းဌာနက ဖော်ပြထားကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတန်ချိန် ၁၀ သိန်းခန့်တင်ပို့ထားပြီးဖြစ်သော်လည်း၊အခြားနိုင်ငံများတွင်မူ အိန္ဒိယ ကြက်သွန်နီကိုဝယ်လိုအားဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယကြက်သွန်နီ၏ အရည်အသွေးကောင်းမွန်မှုကြောင့် နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူသူများပိုမိုများပြားလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း တာဝန်ရှိသူတစ်ဦးက TOI သို့ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ကြက်သွန်နီတင်ပို့မှုအပေါ် ကန့်သတ်ချက်များစွာကို ဆက်တိုက်ချမှတ်ခဲ့ကြောင်း၊ အိန္ဒိယအစိုးရသည် ယခင်ကလည်း ၂၀၁၉ ခုနှစ် စက်တင် ဘာလမှစ၍ (၆)လကြာတစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ (၅)လကြာတစ်ကြိမ် ကြက်သွန်နီပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့ဖူးသည့် သာဓကများရှိခဲ့ကြောင်း၊ဤကဲ့သို့မကြာခဏဆိုသလို တင်ပို့မှုကန့်သတ် ခြင်းနှင့်ပိတ်ပင်ခြင်းများကြောင့် အိန္ဒိယကြက်သွန်နီကို အဓိကအားထား ဝယ်ယူနေရသည့် နိုင်ငံတကာဈေးကွက်များတွင် ကြက်သွန်နီဈေးနှုန်းများအဆမတန်မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ယင်းကဲ့သို့မူဝါဒအပြောင်းအလဲများကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယ၏မကြာခဏပြောင်းလဲတတ်သော ကြက်သွန်နီတင်ပို့မှုဆိုင်ရာမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖော်ပြသည့် သံတမန်ရေးရာအကြောင်းကြားစာ(Diplomatic Note)ကို နယူးဒေလီမြို့သို့ပေးပို့ကာ တရားဝင်အသိပေးပြောကြားခဲ့ရသည့်အခြေအနေအထိရှိခဲ့ဖူးကြောင်းလည်း သိရှိရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ပြည်တွင်းစိုက်ပျိုးရေးတောင်သူများကို အကာအကွယ်ပေးရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကိုမြှင့်တင်ရန်ရည်ရွယ်၍ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီတင်သွင်းမှုများကို ရပ်ဆိုင်းထားကြောင်း၊ပြီးခဲ့သည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်းက အိန္ဒိယ သည် ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီတန်ချိန် ၇.၂၄ သိန်းတင်ပို့ခဲ့ပြီး ယင်းပမာဏမှာ ထိုနှစ်အတွင်း အိန္ဒိယ၏စုစုပေါင်းကြက်သွန်နီတင်ပို့မှု တန်ချိန် ၁၇.၁၇ သိန်း၏ ၄၂ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိကာလအတွင်းတွင်မူ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုမှာ တန်ချိန် ၁၂,၉၀၀ သာရှိတော့သည်ကိုတွေ့ရှိရကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အိန္ဒိယကြက်သွန်နီကို တင်သွင်းရန်ဝန်လေးနေခြင်းမှာ လက်ရှိဒါကာ(Dhaka)ရှိ အစိုးရသစ်၏ နိုင်ငံ ရေးဆိုင်ရာ သဘောထားများနှင့်လည်း ဆက်စပ်နေနိုင်ကြောင်း အိန္ဒိယဗဟိုအစိုးရက ယူဆထားသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

Source: Bangladesh stops new import permits for onion from India, The Economic Times, January 9, 2026.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News