အိန္ဒိယတောင်သူများသည် ယခုနှစ်တွင် ဆန်စပါးများကို စံချိန်တင်ပိုမိုရိတ်သိမ်းနိုင်မည် ဖြစ်သောကြောင့် ယင်းအခြေအနေသည် ရိက္ခာဖူလုံနေပြီးသားဖြစ်သော ကမ္ဘာ့ဆန်ဈေးကွက်အတွင်းသို့ ဆန်အမြောက် အမြားထပ်မံရောက်ရှိလာစေပြီး မူလဈေးနှုန်းများအပေါ် ပိုမိုဖိအားဖြစ်စေကာ ဈေးနှုန်းများဆက်လက်ကျဆင်းသွားဖွယ်ရှိနေကြောင်း သိရှိရပါ သည်။
ဆန်ဝယ်လိုအားကျဆင်းနေချိန်နှင့် အဓိကဝယ်ယူနေသည့်နိုင်ငံအချို့က သွင်းကုန်စည်းမျဉ်းများကို တင်းကျပ်ထားချိန်တွင် အိန္ဒိယတောင်သူများအနေဖြင့် ဤဈေးနှုန်းကျဆင်းမှုဒဏ်ကို အဆိုးရွားဆုံးခံစားရနိုင်ကြောင်းနှင့်ကမ္ဘာ့အကြီးဆုံးဆန်ထုတ်လုပ်သည့်အိန္ဒိယနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူများသည် ထိုင်းနှင့်ဗီယက်နမ်ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် ဆန်ဈေးနှုန်းများကို မဖြစ်မနေလျှော့၍ရောင်းချရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါ သည်။
ယခုအချိန်တွင် အိန္ဒိယ၌ ဆန်များစွာပိုလျှံနေသည့်အတွက် ဝယ်မည့်သူ များက ချက်ချင်းမဝယ်သေးဘဲ ရောင်းမည့်သူများအား မည်သည့်အချိန်အထိစောင့်နိုင်မည်ဆိုသည်ကို စမ်းနေကြကြောင်း Olam India ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ Nitin Gupta က ပြောကြားခဲ့သည်။ သောကြာနေ့က Raipur တွင်ပြုလုပ်ခဲ့သည့် အိန္ဒိယနိုင်ငံတကာဆန်စပါးထိပ်သီးအစည်းအဝေးတွင် ၎င်းက ဆန်အဓိကထွက်ရှိသည့် နိုင်ငံများ၌လည်း အရန်ဆန်များစုမိနေသောကြောင့် ကမ္ဘာ့ဆန်ဈေးမှာ ဆက်ပြီးကျရန်သာရှိကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၆ ရာသီ၌ မိုးစပါးထွက်နှုန်းသည် တန်ချိန် ၁၂၄.၅ သန်းအထိရှိခဲ့ပြီး စံချိန်တင်အထွက်တိုးခဲ့ကြောင်း၊ မိုးစပါးကို ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြကြောင်း၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ အဝယ်အေးနေသောကြောင့် အိန္ဒိယဆန်ဈေးသည် ယခုလက်ရှိတစ်တန် လျှင်ဒေါ်လာ ၃၅၀ ဝန်းကျင်မှ လာမည့်မတ်လ သို့မဟုတ် ဧပြီလလောက်တွင် ၁၅ ဒေါ်လာ မှ ၂၅ ဒေါ်လာခန့်အထိ ကျသွားနိုင်ကြောင်း Nitin Gupta က ဆက်လက်ပြောကြားခဲ့သည်။
အာရှ၏စံသတ်မှတ်ထားသော ဆန်ဈေးနှုန်းများသည် ထိုင်းနိုင်ငံဘက်မှ ဆန်တင်ပို့မှုလျော့ကျသွားနိုင်သည်ဆိုသော ခန့်မှန်းချက်များကြောင့် အောက်တိုဘာလကုန်ပိုင်း၌ ၁၀ နှစ်တာအတွင်း အနိမ့်ဆုံးအဆင့်မှ ၂၀ ရာခိုင်နှုန်းကျော်ပြန်တက်လာခဲ့သော်လည်း၊ ယခုအပတ်ထဲတွင် ဒီဇင် ဘာ ၂၄ ရက်ကထက် ၄ ရာခိုင်နှုန်းကျော်ပြန်ကျသွားခဲ့ကြောင်း၊ထို့အပြင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့ ဆန်အမြောက်အမြားဝယ်ယူနေသည့်နိုင်ငံများက တင်သွင်းမှုများကို ကန့်သတ်လိုက်သည့်အတွက် အာရှ နိုင်ငံများ၏ စပါးစိုက်တောင်သူများကို အခက်တွေ့စေခဲ့ကြောင်း သိရှိရသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏အစီရင်ခံစာတွင် အိန္ဒိယ၌ စပါးစိုက်ပျိုးမှုအားကောင်းခဲ့သောကြောင့် ၂၀၂၅-၂၆ ရာသီတွင် တစ်ကမ္ဘာလုံး၏ ဆန်ထွက်နှုန်းသည် တန်ချိန် ၅၅၈.၈ သန်းအထိရှိပြီး စံချိန်သစ်တင်လိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း၊ယခုကဲ့သို့အထွက်နှုန်း အဆမတန်များလာသောကြောင့် ကမ္ဘာ့အရန်ဆန်စုဆောင်းထားရှိမှုပမာဏသည်လည်း အမြင့်ဆုံးစံချိန်သစ်ကို ရောက်သွားနိုင်ကြောင်း သိရှိရသည်။
Source: India’s record rice crop is set to deepen slide in global prices, The Economic Times, Jan 10, 2026.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)