International News

အင်ဒိုနီးရှားနိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် ပထမဆုံးအကြိမ်တင်ပို့သည့် အေးခဲထားသောဒူးရင်းသီးများ တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်

Last Updated:

အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေကြောင်းမှတစ်ဆင့်တင်ပို့ခဲ့သည့် အေးခဲထားသော ဒူးရင်းသီးများတင်ဆောင်လာသည့် ပထမဆုံးကွန်တိန်နာရောက်ရှိလာခြင်း အထိမ်းအမှတ်အခမ်းအနားကို ၆-၁-၂၀၂၆ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးဆိပ်ကမ်း၌ ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်များကုန်သွယ်မှုကို တိုးချဲ့ရာတွင် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ် ကြောင်း ပြည်သူ့နေ့စဉ်သတင်း၌ ဖော်ပြထားပါသည်။

အင်ဒိုနီးရှားနိုင်ငံမှ အေးခဲထားသော ဒူးရင်းသီးအဖတ်နှင့်အနှစ် (၂၃) တန်ကို Guangxi Jiarong Food Technology Co., Ltd မှတင်သွင်းလာသည့် ကွန်တိန်နာသည် ၂၆-၁၂-၂၀၂၅ ရက်နေ့တွင် ဂျာကာတာ ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ၅-၁-၂၀၂၆ ရက်နေ့တွင် ချင်းကျိုးဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ အင်ဒိုနီးရှားနိုင်ငံမှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်နှင့် ချိတ်ဆက်ပေးသည့် ရေကြောင်းပို့ဆောင်ရေးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယခင်က အင်ဒိုနီးရှားနိုင်ငံမှ အေးခဲထားသောဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် အနည်းငယ်သာ စမ်းသပ်တင်သွင်းခဲ့ကြောင်း၊ လက်ရှိပြေးဆွဲလျက်ရှိသော သင်္ဘောလမ်းကြောင်းများနှင့် အအေးခန်းထောက်ပံ့ပို့ဆောင်ရေးများ၏ ပံ့ပိုးမှုဖြင့် အင်ဒိုနီးရှားမှ အေးခဲထားသော ဒူးရင်းသီးကို တရုတ်နိုင်ငံသို့ ပမာဏအမြောက်အများတင်ပို့နိုင်လိမ့် မည်ဟုမျှော်လင့်ရပြီး အင်ဒိုနီးရှား-တရုတ်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရှိန်အဟုန်သစ်များဖြစ်ပေါ်စေမည်ဖြစ် ကြောင်း သိရသည်။

Guangxi Jiarong Food Technology Co., Ltd ၏ အထွေထွေမန်နေ ဂျာ Wu Junyi က ဒူးရင်းသီးများကို အေးခဲထားသောဒူးရင်းသီးအနှစ်နှင့်အေးခဲခြောက်သွေ့ထားသောဒူးရင်းသီးအပါအဝင် တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုးအဖြစ် ပြုပြင်ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကုမ္ပဏီသည် AI နည်းပညာသုံး hyperspectral sorting၊ နိုက်ထရိုဂျင်အရည်ဖြင့် အမြန်အေးခဲစေခြင်းနှင့် ရေခဲခြောက်ကဲ့သို့သော နည်းပညာများကို ပေါင်းစပ်ထားသည့် စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးပါဝင်သည့် ဉာဏ်ရည်ထက်မြက်သော ဒူးရင်းသီးပြုပြင်ထုတ်လုပ်သည့်စက်ရုံတစ်ရုံကို တည်ဆောက်ရန် ယွမ် သန်း ၃၀(အမေရိကန်ဒေါ်လာ ၄.၂၇ သန်းခန့်)ရင်းနှီးမြှုပ်နှံထားကြောင်း၊ ဤနည်းပညာများသည် စံချိန်စံနှုန်းမီထုတ်လုပ်နိုင်စေပြီး လက်ဖြင့်ခွဲခြားခြင်းနှင့် အရည်အသွေးမညီမညာဖြစ်ခြင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းပေးနိုင်ကြောင်း သိရသည်။

ဒူးရင်းသီးတင်သွင်းမှုကို နမူနာပုံစံတစ်ခုအဖြစ်ယူ၍ ကုမ္ပဏီသည် အာဆီယံနိုင်ငံများမှ အခြားအထူးပြုစိုက်ပျိုးရေးထုတ်ကုန်များတင်သွင်းခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းအတွက် ပုံတူကူးနိုင်သော နည်းလမ်းတစ်ခုကို တည်ထောင်သွားမည်ဟု Wu က ပြောကြားခဲ့ကြောင်း သိရသည်။

ယခင်က အင်ဒိုနီးရှားမှ ဒူးရင်းသီးထုတ်ကုန်များကို တရုတ်နိုင်ငံသို့ မတင်ပို့မီ တတိယနိုင်ငံတွင် ပြုပြင်ထုတ်လုပ်ခဲ့ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံ၏အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာ ပိုင်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့တို့အကြား phytosanitary protocol ကို လက်မှတ်ရေးထိုးပြီးနောက် ယခုကဲ့သို့တင်ပိုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ အေးခဲထားသောဒူးရင်းသီးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်လာခြင်းသည် နှစ်နိုင်ငံအကြား နီးကပ်ပြီး ခိုင်မာသော ကုန်သွယ်မှုဆက်ဆံရေးကို ပြသလျက်ရှိကြောင်း တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၏ စီးပွားရေးသံမှူး Budi Hansyah က ပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် တရုတ်အကောက်ခွန်အာဏာပိုင်များက အင်ဒိုနီးရှားကုမ္ပဏီ(၈)ခုကို အေးခဲထား သောဒူးရင်းသီးများတင်ပို့ရန် ခွင့်ပြုထားပြီး လတ်ဆတ်သောဒူးရင်းသီးဈေးကွက်သို့ ဝင်ရောက်ခွင့်အတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း၊ အင်ဒိုနီးရှား၏ ကွဲပြားသောဒူးရင်းသီးမျိုးကွဲများသည် စားသုံးသူများ၏နှစ်သက်မှုအမျိုးမျိုးနှင့်ကိုက်ညီပြီး အေးခဲထားသောဒူးရင်းသီးကို အချိုပွဲများ၊ ကိတ်မုန့် များနှင့် ရေခဲမုန့်များတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြကာ တရုတ်နိုင်ငံ၏ မြင့်တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။

နိုင်ငံတကာကုန်းလမ်း-ရေလမ်းကုန်သွယ်ရေးစင်္ကြံသစ်၏အဓိကအချက် အချာဖြစ်သော ချင်ကျိုးဆိပ်ကမ်းသည် လက်ရှိတွင် အာဆီယံနိုင်ငံများကိုဆက်သွယ်ပေးသော သင်္ဘောလမ်းကြောင်း(၄၄)ခုကို ပြေးဆွဲလျက်ရှိပြီး ၎င်း၏ရေလမ်း-ရထားလမ်းဘက်စုံဝန်ဆောင်မှုများသည် ထိရောက်သောထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခုဖြစ်ပြီး အင်ဒိုနီးရှားစိုက်ပျိုး ရေးထုတ်ကုန်များကိုပြည်တွင်းဈေးကွက်များသို့ရောက်ရှိစေနိုင်ကြောင်း (သို့မဟုတ်) တရုတ်-ဥရောပကုန်တင်ရထားများနှင့် ချိတ်ဆက်နိုင်စေကြောင်း ချင်ကျိုးမြို့၏ ဒုတိယမြို့တော်ဝန် Chen Jing'en က ပြောကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် ၂၀၂၆ ခုနှစ်တွင် ဖင်းလုတူးမြောင်းကို ဖွင့်လှစ်ရန် စီစဉ်ထားခြင်းကလည်း ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို (၃၀)ရာခိုင်နှုန်းခန့်လျှော့ချပေးမည်ဟု ခန့်မှန်းထားပြီး အင်ဒိုနီးရှားနှင့် အခြားအာဆီယံနိုင်ငံများမှ စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်ဈေးကွက်သို့ဝင်ရောက်မှုကို ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း ကွမ်ရှီးပြည်နယ်သည် အာဆီယံနိုင်ငံများနှင့် စိုက်ပျိုးရေးထွက်ကုန်များကုန်သွယ်မှုတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေခဲ့ကြောင်း၊ကွမ်ရှီးကူးသန်း ရောင်း ဝယ်ရေးဌာနမှ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကွမ်ရှီးဆိပ်ကမ်းများသည် အာဆီယံမှ သစ်သီးဝလံတန်ချိန် (၂.၆၅)သန်းကျော်တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် (၁၅.၈) ရာခိုင် နှုန်းမြင့်တက်လာခဲ့ကာ စုစုပေါင်းတန်ဖိုးမှာ ယွမ်(၄၀.၆)ဘီလီယံကျော်ရှိခဲ့ပြီး (၂၂)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒူးရင်းသီးတင်သွင်းမှုနှင့် စားသုံးမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး မကြာသေးမီနှစ်များအတွင်း အသီးအနှံများ၏ဘုရင်ဖြစ်သည့် ဒူးရင်းသီးကုန်သွယ်မှုသည် တရုတ်နှင့် အာဆီယံအကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကအစိတ် အပိုင်းတစ်ခုဖြစ်လာခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အေးခဲထားသော ဒူးရင်းသီးကို တင်သွင်းခြင်းသည် အခွင့်အလမ်းများကို ပိုမိုဖြစ်ပေါ်စေပြီး အာဆီယံနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၏ အကျိုးအမြတ်များကို ပိုမိုနက်ရှိုင်းစွာမျှဝေခံစားနိုင်စေကြောင်း သိရသည်။

Source: https://en.people.cn/n3/2026/0109/c90000-20412259.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News