ပိုလန်နိုင်ငံအနေဖြင့် လောင်စာဆီဈေးနှုန်းများမြင့်တက်လာသည့် ၂၀၂၆ ခုနှစ် မတ်လမှစတင်၍ လောင်စာဆီဈေးနှုန်းများကို အစိုးရက ထိန်းချုပ်ထားသည့်အစီအစဉ်များကို ကျင့်သုံးခဲ့ပါသည်။ယခုအခါ အီရန် နိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများလျော့နည်းလာမည်ဟု မျှော်လင့်ထားခြင်းနှင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း တည်ငြိမ်လာနိုင်ခြင်းတို့ကြောင့် ပိုလန်နိုင်ငံအနေဖြင့် လောင်စာဆီဈေးနှုန်းများအပေါ် ထိန်းချုပ်ထားမှုကို ယခုနွေရာသီအတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Donald Tusk က ဇွန်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။
မတ်လအတွင်း ပိုလန်အစိုးရသည် လောင်စာဆီအပေါ် ကောက်ခံသည့် VAT အခွန်ကို ၂၃% မှ ၈% သို့လျှော့ချခဲ့ပြီး အထူးကုန်စည်ခွန်(excise duty)ကိုလည်း ဥရောပသမဂ္ဂ(EU)မှ သတ်မှတ်ထားသော အနိမ့်ဆုံးနှုန်းထားအထိလျှော့ချပေးခဲ့ပါသည်။ ထို့အပြင် မော်တော်ယာဉ်သုံး လောင်စာဆီဈေးနှုန်းများကို နေ့စဉ်ကန့်သတ်ထိန်းချုပ်သည့်စနစ်ကို စတင်အသုံးပြုခဲ့ပြီး နှစ်ပတ်တစ်ကြိမ် သက်တမ်းတိုးပေးခဲ့ပါသည်။
ဇွန်လ ၁၂ ရက်နေ့တွင် ပိုလန်အစိုးရအနေဖြင့် VAT ကို 8% သို့လျှော့ချထားခြင်းနှင့် ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းကန့်သတ်မှု(price cap)များ ကိုသတ်မှတ်ထားသည့်နှုန်းထားအတိုင်း ဇွန်လကုန် အထိဆောင်ရွက်ရန် သက်တမ်းတိုးခဲ့သော်လည်း အထူးကုန်စည်ခွန်လျှော့ချထားခြင်းကိုမူ ဆက်လက်သက်တမ်းတိုးပေးခြင်းမရှိသည့်အတွက် ယခင်သတ်မှတ်ထားသည့် ရက်ပြည့်ပါက မူလအတိုင်း အထူးကုန်စည်ခွန်များကို ပြန်လည်ကောက်ခံမည်ဖြစ်ပါသည်။
ဝန်ကြီးချုပ် တပ်စ်ခ်သည် အရှေ့ပိုင်းမြို့ Lomza တွင် သတင်းထောက်များအားတွေ့ဆုံစဉ် လောင်စာဆီအကျပ်အတည်းကာလတစ်လျှောက် ပိုလန်နိုင်ငံသည် ဥရောပအတွင်း လောင်စာဆီဈေး အသက်သာဆုံးဖြစ်ခဲ့ကြောင်းနှင့် ယခုနွေရာသီတွင် အဆိုပါစီမံကိန်းကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
(သတင်းရင်းမြစ်။ https://www.reuters.com/business/energy/poland-end-capping-fuel-prices-summer-pm-tusk-says-2026-06-13/ )
(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)