စိုက်ပျိုးရေးနည်းပညာလုပ်ငန်းတစ်ခုဖြစ်သည့် Greenphyto က အထပ်မြင့မြေမဲ့စိုက်ခင်း(multi-storey hydroponics farm)ဆောင်ရွက်နေမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က ကြေညာခဲ့ပါသည်။ အဆိုပါစိုက်ခင်းမှ တစ်နှစ်လျှင် ဟင်းသီးဟင်းရွက်တန်ချိန် ၂,၀၀၀ အထိ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယင်းပမာဏမှာ ပုံမှန်သမားရိုးကျစိုက်ခင်းများမှ ထုတ်လုပ်မှု၏ ၄၅ ဆရှိပါသည်။၂ ဟတ်တာကျယ်ဝန်းပြီး စင်ကာပူဒေါ်လာသန်း ၈၀ ကျော်အကုန်အကျခံ၍ တည်ဆောက်ထားသည့်အထပ်မြင့်စိုက်ခင်းများမှာ ၂၃ မီတာကျော်အမြင့်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး Vertical Farm အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့ပါသည်။
Greenphyto ၏တည်ထောင်သူ Susan Chong ၏ ပြောကြားချက်အရ အထပ်မြင့်စိုက်ခင်းတွင် nai bai ၊ မုန်ညှင်းနှင့် အာရှဒေသတွင် ပေါက် ရောက်သည့် အရွက်များကဲ့သို့သော ကြီးထွားနှုန်းမြန်သည့် ဟင်းရွက်များကိုအဓိကထားစိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။ Greenphyto သည် Vertical Farm တွင် အစေ့ချစိုက်ပျိုးခြင်း၊ အာဟာရဖြည့်သွင်းခြင်း၊ သီးနှံတစ်မျိုးနှင့်တစ်မျိုး အလှည့်ကျပြောင်းလဲစိုက်ပျိုးခြင်း(crop movement)၊ရာသီဥတုထိန်းချုပ်မှုတို့အပါအဝင် စိုက်ပျိုးရေးလုပ်ငန်း စဉ်အဆင့်များပါဝင်သည့် proprietary farming system ကို အသုံး ပြု၍အလိုအလျောက်စိုက်ပျိုးသည့် စနစ်ဖြင့် စိုက်ပျိုးမည်ဖြစ်ပါသည်။ ရိတ်သိမ်းမှုနှင့်ထုတ်ပိုးမှုတို့တွင် တစ်စိတ်တစ်ပိုင်းကို အလိုအလျောက် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လူအားဖြင့် ဆောင်ရွက်မှုလည်းပါဝင်မည်ဖြစ်ပါသည်။ AI နှင့် ဒီဂျစ်တယ်ကို အသုံးပြု၍ အပင်ကြီးထွားမှုနှင့် ထုတ်လုပ်မှုကို ကြီးကြပ်မည်ဖြစ်ပြီး ဝယ်လိုအားနှင့်ချိန်ကိုက်ကာ အစီ အစဉ်ချ၍ ထုတ်လုပ်မည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် အမျှင်ဓာတ်စားသုံးမှု၏ ၂၀ ရာခိုင် နှုန်းထုတ်လုပ်နိုင်ရန်ရည်မှန်းထားပြီး အဆိုပါထုတ်လုပ်ရန်ရည်မှန်းချက်တွင် အရွက်များ၊ ဟင်းသီးဟင်းရွက်အမျိုးအမည်ဝင် အသီးများ၊ ပဲအပင် ပေါက်များ၊ မှိုများပါဝင်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ Greenphyto က လက်လီဆိုင်ပေါင်း ၉၅ ဆိုင်တွင် ၎င်း၏ဟင်းရွက်များကို ရောင်းချလျက်ရှိပါသည်။
အစိုးရအနေဖြင့် အဆိုပါစိုက်ခင်းများအတွက် သုတေသနဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးသမားများကို ပြည်ပသို့စေလွှတ်၍ အတွေ့အကြုံများရယူစေခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ခင်းများဖြစ်စေခြင်းစသည့် ထောက်ပံ့မှုများ ပိုမိုပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေအစီအစဉ်များကို လေ့လာသုံးသပ်နေကြောင်း ရေရှည်တည်တံ့ရေးနှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာနဝါရင့်ဝန်ကြီး Zaqy Mohamad က ပြောကြား ခဲ့ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)