International News

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒကို ဂျပန်အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့

Last Updated:

ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းလာစေမည့်မူဝါဒကို ဂျပန်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ၁၁-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းတွင် အစိုးရ၏မူဝါဒအရ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအား ဂျပန်နိုင်ငံ၏အနာဂတ်စီးပွားရေးအသိုက်အဝန်းပုံဖော်ရာ၌ မိတ်ဖက်နိုင်ငံများအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနှင့် ကာဗွန်ကင်းစင်ရေးကဲ့သို့သောလုပ်ငန်းများ ဆောင်ရွက်မည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ ကုမ္ပဏီများအား ဂျပန်အစိုးရအနေဖြင့် ပံ့ပိုးမှုများပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ပြည်ပရှိ ပုဂ္ဂလိကအဖွဲ့အစည်းများသို့ ရန်ပုံငွေများပေးအပ်နိုင်ရေးအတွက် ပြည်ပဖွံ့ဖြိုးမှုအကူအညီ(Overseas Development Assistance-ODA)အသစ်အတွက် မူဘောင်များရေးဆွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

မတူကွဲပြားမှုနှင့်ပဋိပက္ခများကင်းဝေးပြီး အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတကာအသိုက် အဝန်းဖြစ်စေရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် ဦးဆောင်သွားမည်ဖြစ်ကာ၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများရှိ အလွှာစုံနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ်ခီရှိဒက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခကဲ့သို့သော နိုင်ငံတကာအသိုက်အဝန်းတွင် မတူကွဲပြားမှုနှင့် ပဋိပက္ခများကြီးထွားလာမှုအပေါ် ဂျပန်အစိုးရ၏စိုးရိမ်မှုကိုပြသသည့် မူဝါဒတစ်ရပ်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၌ ပဋိပက္ခများကင်းဝေးစေရေးအပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက်လည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Gallium ကဲ့သို့သော အရေးပါသည့်သယံဇာတများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အားသွင်းနိုင်သည့်ဘက်ထရီများထုတ်လုပ်ရာတွင် မဟာဗျူဟာကျပြီး အရေးပါသည့်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ဂျပန်အစိုးရ၏မူဝါဒတွင် အဆိုပါအရေးပါသည့် သယံဇာတများတူးဖော်ခြင်းမှသည် ကုန်ချောအဖြစ် ထုတ်လုပ်သည့်အဆင့်တိုင်းတွင် စနစ်တကျဆောင်ရွက်စေမည့်လုပ်ငန်းစဉ်များကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ မူဝါဒတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ဂျပန်နိုင်ငံအား မိတ်ဖက်နိုင်ငံတစ်နိုင်ငံအနေဖြင့် သတ်မှတ်လာစေရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်သင့်သည်ဟု ထည့်သွင်းထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရ၏မူဝါဒအရ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကဏ္ဍ ၈ ခုရှိပြီး၊ အဓိကအားဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများရှိကုမ္ပဏီများအား လုပ်ငန်းသုံးပစ္စည်းများအပါအဝင် လိုအပ်သည်များပံ့ပိုး ပေးခြင်း၊ODA အစီအစဉ်များတိုးချဲ့ခြင်းနှင့်အဆင့်မြှင့်တင်ခြင်း၊လူ့စွမ်းအားအရင်းအမြစ်များပြုစုပျိုးထောင်ပေးခြင်း နှင့်ယဉ်ကျေးမှုဖလှယ်မှုများနက်ရှိုင်းလာစေခြင်း၊ဂျပန်နိုင်ငံနှင့်သဘောထားချင်းတူညီသည့်နိုင်ငံများ၏ တပ်မတော် များသို့ စစ်လက်နက်ပစ္စည်းများ အခမဲ့ထောက်ပံ့ပေးခြင်းအပါအဝင် တရားဝင်လုံခြုံရေးဆိုင်ရာအကူအညီ(Official Security Assistance) များပေးအပ်ခြင်းတို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများမှ ကုမ္ပဏီများအား ပံ့ပိုးသွားမည့်အစီအစဉ်များကို ဂျပန်အစိုးရ၏မူဝါဒတွင် ရှင်းလင်းတိကျစွာဖော်ပြထားကြောင်း၊ အဓိကကူညီသွားမည့်ကဏ္ဍများမှာ ဉာဏ်ရည်တု(AI)၊ အစိမ်းရောင်အသွင်ကူးပြောင်းမှု(Green Transformation)၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အရေးပါသည့်သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ခြင်းနှင့် အဆင့်မြင့်နည်းပညာများအသုံးပြု၍ ယာဉ်များထုတ်လုပ်ခြင်းတို့ဖြစ်ကြောင်း၊ ထို့အတူ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်ရာတွင်လည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရာတွင် ယန္တရားအသစ်အနေဖြင့် ဆောင်ရွက်သွားမည့် ODA အစီအစဉ်တွင် ပုဂ္ဂလိကလုပ်ငန်းများသို့ ရန်ပုံငွေများပံ့ပိုးပေးခြင်းကဲ့သို့သောလုပ်ငန်းစဉ်များ ထည့်သွင်းနိုင်ရေးအတွက် လက်ရှိစနစ်ပါအခြေခံမူဝါဒများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News