International News

၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ ကျော်ရှိခဲ့

Last Updated:

ဂျပန်နိုင်ငံတွင် ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်သည် ၂၀၂၄ ခုနှစ် မေလတွင် ၁,၀၀၉ ခု ရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၂.၉ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ကြွေးမြီဆိုင်ရာ သုတေသနကုမ္ပဏီ Tokyo Shoko Research က ဖော်ပြခဲ့ပါသည်။

၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားပြီးချိန်တွင် ဂျပန်နိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းများအား အစိုးရမှ ရန်ပုံငွေများထောက်ပံ့ပေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အဆိုပါအစီအစဉ်အား ရပ်ဆိုင်းခဲ့ကြောင်းနှင့် ထိုသို့ရပ်ဆိုင်းပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ကုမ္ပဏီများ၏ဒေဝါလီခံရမှုအရေအတွက်မှာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှစ၍ ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ ကျော်ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုမ္ပဏီအများအပြားသည် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အဓိကအားဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် အလုပ်သမားရှားပါးမှုတို့ကြောင့် ယခုကဲ့သို့ဒေဝါလီခဲ့ကြခြင်းဖြစ်ကြောင်း၊ ယန်း ၁၀ သန်းနှင့်အထက်ပေးရန်ရှိသည့် ကုမ္ပဏီများအနေဖြင့် ယခုကဲ့သို့ဒေဝါလီခံခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရပ်စဲသွားသည့်ကုမ္ပဏီများ၏ ကြွေးမြီစုစုပေါင်းမှာ ယန်း ၁၃၆,၇၆၉ သန်းရှိခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အဆိုပါပမာဏမှာ ၅၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ ကုန်စည်ဈေးနှုန်းများမှာ ၄၇.၄ ရာခိုင်နှုန်းမှ ၈၇ ရာခိုင်နှုန်းအထိမြင့်တက်သွားပြီးနောက် ဒေဝါလီခံသည့်အရေအတွက်လည်း ယခုကဲ့သို့များပြားလာခြင်းဖြစ်ကြောင်း၊ ဒေဝါလီခံသည့် ကုမ္ပဏီအများစုမှာ ကန်ထရိုက်တာများစွာရှိသည့် ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်ကြကြောင်း၊ အသေးစားလုပ်ငန်းများအနေဖြင့်လည်း မြင့်မားလာသည့်ကုန်စျေးနှုန်းများကြောင့် ရောင်းချသည့်ဈေးနှုန်းကို တိုးမြှင့်နိုင်ရန်အတွက် စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိကြကြောင်း ဖော်ပြထားပါသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဂျပန်အစိုးရက စတင်ခွင့်ပြုခဲ့သည့်အတိုးနှင့် အပေါင်ပစ္စည်းမဲ့ချေးငွေအစီအစဉ်မှတစ်ဆင့် ချေးငွေရယူအသုံးပြုသည့်ကုမ္ပဏီများ၏ ဒေဝါလီခံမှုများမှာ ၁၅.၅ ရာခိုင်နှုန်းများပြားခဲ့ပြီး ၆၇ ခုအထိရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ လစဉ်ဒေဝါလီခံမှုအရေအတွက်အား လုပ်ငန်းအမျိုးအစားအားဖြင့်ကြည့်မည်ဆိုပါက ဝန်ဆောင်မှုကဏ္ဍတွင် ၃၂၇ ခုဖြင့် စံချိန်တင်အများဆုံးဖြစ်ခဲ့ကြောင်း၊ လုပ်သားရှားပါးမှုနှင့် လုပ်အားခများမြင့်တက်လာမှုကြောင့် အထူးသဖြင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဒေဝါလီခံမှုများ များပြားလာခဲ့ကြောင်း၊ ၉ လတာကာလအတွင်း ခရိုင် ၉ ခု၌ ဒေဝါလီခံမှုအရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် များပြားခဲ့ကြောင်း၊ ကုမ္ပဏီအများအပြားအနေဖြင့် ယန်းငွေတန်ဖိုးကျဆင်းနေချိန်တွင် ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း အဆိုပါကုန်ကျစရိတ်ကို ကာမိစေရန်အတွက် ရောင်းချသည့်ကုန်စည်အား ဈေးနှုန်းတိုးမြှင့်ရောင်းချနိုင်ခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဒေဝါလီခံခဲ့ရခြင်းဖြစ်ကြောင်း Tokyo Shoko Research က ထုတ်ပြန်ထားကြောင်း ဖော်ပြ ထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Times

Category: International News