European Parliament နှင့် Council of the European Union တို့မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် EU Regulation (EU) 2026/1395 ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။အဆိုပါစည်းမျဉ်း၏အဓိကပြဋ္ဌာန်းချက်များကို Article 52 အရ ၂၀၂၇ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှသာ စတင်ကျင့်သုံးမည်ဖြစ်သော်လည်း Article 5(2)၊ Article 8(2)၊ Article 10(7)၊ Article 15(12)၊ Article 23(15)၊ Article 26 (4)၊ Article 34(3) နှင့် Article 45 ဆိုင်ရာပြဋ္ဌာန်းချက်များသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် စတင်အသက်ဝင်(Entry into Force)မည်ဖြစ်ပါသည်။
EU အနေဖြင့် အဆိုပါစည်းမျဉ်းအသစ်ကိုထုတ်ပြန်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ယခင်ကျင့်သုံးခဲ့သော Regulation(EU) No 978/2012 သည် ၂၀၂၇ ခုနှစ် အထိသာသက်တမ်းရှိသဖြင့် EU သည် GSP စနစ်ကို ဆက်လက်ကျင့်သုံးနိုင်ရန်အတွက် ယခင်စည်းမျဉ်းကို အစားထိုးရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကူညီပေးရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)နှင့် ကောင်းမွန်သောအုပ်ချုပ်ရေး(Good Governance)ကိုအားပေးရန်နှင့် EU ရှိထုတ်လုပ်သူများ၏အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ပါသည်။
ယခုစည်းမျဉ်းအသစ်တွင် GSP ကို ယခင်ကဲ့သို့ Standard GSP ၊ GSP+ နှင့် Everything But Arms(EBA)ဆက်လက်ထားရှိပေးထားပါသည်။ စည်းမျဉ်းအသစ်တွင် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးပြောင်းလဲမှုအဖြစ် ယခင်စည်းမျဉ်းများတွင်ပါဝင်ခဲ့ခြင်းမရှိသော Automatic Rice Safeguard Mechanism ကို အသစ်ထည့်သွင်းထားပါသည်။ ထိုသို့ထည့်သွင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ Recital 39 နှင့် Article 29 တွင်ဖော်ပြချက်များအရ EU ရှိ ဆန်စိုက်ပျိုးထုတ်လုပ်သူများကို ကာကွယ်ရန်ရည်ရွယ်ကြောင်းသိရှိရပါသည်။
စည်းမျဉ်းအသစ်အရ မြန်မာနိုင်ငံမှ ၂၀၂၇ ခုနှစ်အတွက် ဆန်တင်ပို့မှုတန်ချိန်ကို Recital 39 အရ ၁၇၁,၈၆၂ တန်အဖြစ် သတ်မှတ်ထားပြီး ကမ္ဘောဒီယားနိုင်ငံအတွက် ၂၁၆,၀၄၇ တန်သတ်မှတ်ထားပါသည်။ အဆိုပါသတ်မှတ်ချက်ကို ရည်ညွှန်းကာလ ၂၀၁၅ မှ ၂၀၂၄ အထိ ၁၀ နှစ်ပျမ်းမျှတင်သွင်းမှုပမာဏဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ သတ်မှတ်ဆန်အမျိုးအစားများ၏ တင်သွင်းမှု ပမာဏသည် သတ်မှတ်ထားသော Threshold ထက် ၄၅ ရာခိုင်နှုန်းကျော်မြင့်တက်လာပါက EU သည် သီးခြားစုံစမ်းစစ်ဆေးမှုမလိုဘဲ Automatic Safeguard စတင်မည်ဖြစ်ပါသည်။ သတ်မှတ်နှုန်းထားကို ၄၅ ရာခိုင်နှုန်းကျော်လွန်သည့်ပမာဏသည် မြန်မာနိုင်ငံအတွက် ၂၄၉,၁၉၉.၉ တန်ဖြစ်ပါသည်။
စည်းမျဉ်းအသစ်အရ EU အနေဖြင့် ထိုသို့ကျော်လွန်တင်သွင်းလာသော ဆန်များအပေါ် MFN Tariff ကို ချက်ချင်းပြန်ကောက်ခံမည်ဖြစ်ပြီး နောက်တစ်နှစ်တွင် TRQ(Tariff Rate Quota)ဖြင့် တင်သွင်းမှုကိုလည်း ကန့်သတ်မည်ဖြစ်ပါသည်။ ၂၀၂၈ ခုနှစ်မှစ၍ သတ်မှတ်ပမာဏကို နှစ်စဉ်ပြန်လည်တွက်ချက်သည့်နည်းဖြင့် တွက်ချက်၍ နောက်တစ်နှစ်အတွက် အသစ်ပြန်လည်သတ်မှတ်သွားမည်ဖြစ်ပါသည်။
စည်းမျဉ်း၏ Article 34(1)တွင် Safeguard mechanism အတွက် စောင့်ကြည့်မည့်ကုန်စည်များကို Combined Nomenclature(CN) codes 1006 10(Paddy Rice), 1006 20(Husked/Brown Rice)နှင့် 1006 30(Semi-milled and Wholly Milled Rice)ဟု တိတိကျကျသတ်မှတ်ထားပြီး ၎င်းကုန်စည်သုံးမျိုး၏ တင်သွင်းမှုစုစုပေါင်းပမာဏကို တွက်ချက်ရန်ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် safeguard mechanism အတွက် အခြေခံတွက်ချက်သည့် ၁၇၁,၈၆၂ တန်သည် CN codes 1006 10၊ 1006 20 နှင့် 1006 30 တို့၏ တင်သွင်းမှုပမာဏအပေါ်သာ အခြေခံထားကြောင်းတွေ့ရှိရပါသည်။ CN code 1006 40(Broken Rice)ကို Article 34 တွင်ထည့်သွင်းဖော်ပြထားခြင်းမရှိသဖြင့် အဆိုပါ safeguard mechanism နှင့်သက်ဆိုင်သည့် တင်သွင်းမှုပမာဏတွက်ချက်ရာတွင် Broken Rice မပါဝင်ကြောင်း ယေဘုယျအားဖြင့် နားလည်နိုင်ပါသည်။
စည်းမျဉ်းအသစ်သည် လက်ရှိပေးအပ်ထားသည့် EBA ကိုဖျက်သိမ်းခြင်းမရှိဘဲ ဆန်နှင့်စပ်လျဉ်း၍သာ Safeguard Mechanism အသစ်ကို အသုံးပြုခြင်းဖြစ်ပါသည်။ LDC နိုင်ငံများအတွက် ပေးအပ်နေသည့် Duty-Free နှင့် Quota-Free အခွင့်အရေးများကို ဆက်လက်ထားရှိထားပါသည်။ မြန်မာနိုင်ငံမှ EU ဈေးကွက်သို့ ကုန်ပစ္စည်းတင်ပို့မှုအတွက် အခြေခံအခွင့်အရေးများမှာ ပြောင်းလဲမှုမရှိကြောင်း တွေ့ရှိရပါသည်။
စည်းမျဉ်းအသစ်၏သက်တမ်းသည် ၂၀၂၇ ခုနှစ်မှ ၂၀၃၆ ခုနှစ်အထိ ၁၀ နှစ်သက်တမ်းရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် သက်ရောက်မှုအနေဖြင့် ဆန်တင်ပို့မှုအလွန်မြင့်တက်လာပါက Safeguard ကျင့်သုံးမည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပြီး MFN Tariff ပြန်လည်ကောက်ခံခြင်းနှင့် TRQ စနစ်ဖြင့် တင်သွင်းမှုကန့်သတ်ခံရခြင်းများဖြစ်ပွားနိုင်သဖြင့် တင်ပို့မှုပမာဏကို အမြဲစောင့်ကြည့်ရန်လိုအပ်နေပါ သည်။
ကိုးကား။ https://eur-lex.europa.eu/legal-content/EN/ALL/?uri=CELEX%3A32026R1395
(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)