International News

ယူအေအီးနိုင်ငံသည် ဆီးရီးယားနိုင်ငံနှင့် စားနပ်ရိက္ခာဖူလုံရေးသဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး

Last Updated:

ယူအေအီးနိုင်ငံသည် အီရတ်နိုင်ငံမှတစ်ဆင့်ဖြတ်သန်း၍ ဆီးရီးယားနိုင်ငံထံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား စတင်တင်သွင်းရန် သဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးခဲ့ကြောင်း Arabian Gulf Business Insight ၏ ၇-၇-၂၀၂၆ ရက်စွဲဖြင့် သတင်းဖော်ပြချက်အရ သိရပါသည်။

အဆိုပါသဘောတူညီချက်ကြောင့် ကြားခံပွဲစားများမလိုအပ်ဘဲ တင်သွင်းနိုင်မည်ဖြစ်ပြီး၊သယ်ယူပို့ဆောင်ချိန်များလျှော့ချနိုင်ကာ တောင်သူလယ်သမားများအတွက် အကျိုးအမြတ်များပိုမိုတိုးတက်ရရှိလာစေမည်ဖြစ်ကြောင်း ယူအေအီးစိုက်ပျိုးရေးဝန်ကြီးဌာန၊အစိုးရပြန်ကြားရေးဌာနညွှန်ကြားရေးမှူး ခါလက်ဒ်အယ်လ်-ဆာအီဒီ၏ ပြောကြားချက်အား ကိုးကား၍ ဆီးရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ဆီးရီးယားနိုင်ငံသည် စားနပ်ရိက္ခာဖူလုံမှုမြှင့်တင်ရန်၊ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုတိုးမြှင့်ရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်အားကောင်းလာစေရန်အတွက် ပူးတွဲစိုက်ပျိုးရေးအစီအစဉ်တစ်ရပ်ကိုစတင်ရန် ယူအေအီးကုမ္ပဏီနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

ယူအေအီးအခြေစိုက် Mair Group အနေဖြင့် ဒေသတွင်းမှ ထွက်ရှိသော သစ်သီး ဝလံ နှင့် ဟင်းသီးဟင်းရွက်များအား ပြည်ပသို့တင်ပို့နိုင်စေရေး ပြင်ဆင်ရန်အတွက် ဆီးရီးယားနိုင်ငံကမ်းရိုးတန်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတစ်လျှောက်တွင် စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှုဗဟိုဌာနလေးခုတည်ထောင် သွားမည်ဖြစ်ကြောင်း Mair Group ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ နေဟာယန် အယ်လ်အာမေရီက ပြောကြားခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာတွင် တောင်သူလယ်သမားများအား ပံ့ပိုးကူညီရန်နှင့် ဆီးရီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတန်ဖိုးကွင်းဆက်များမြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မည့်အချက်များလည်း ပါဝင်ကြောင်း သိရပါသည်။

ယူအေအီးနှင့် ဆီးရီးယားနိုင်ငံတို့သည် ဆီးရီးယားဆိပ်ကမ်းများအား အီရတ်နိုင်ငံ၏ အွမ်ကာဆာ(Umm Qasr)ဆိပ်ကမ်းနှင့်ချိတ်ဆက်ပြီး၊ ယူအေအီးနိုင်ငံရှိ ခါလီဖာ (Khalifa)ဆိပ်ကမ်းအထိတိုးချဲ့မည့် ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံ(Logistics corridor)တစ်ခုတည်ထောင်ရန် ဇွန်လကတည်းက ဆွေးနွေးမှုများစတင်ခဲ့ကြခြင်းဖြစ်ပါသည်။

ဆီးရီးယားနိုင်ငံသည် စီးပွားရေးပြန်လည်ထူထောင်ရန် ရုန်းကန်နေရချိန်တွင် ပင်လယ်ကွေ့ရေနံထုတ်လုပ်သည့်နိုင်ငံများထံမှ အကြီးစားရင်းနှီးမြှုပ်နှံမှုများနှင့် ဘဏ္ဍာရေးအကူအညီများကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ ဆော်ဒီအာရေဗီးယားနိုင်ငံက အလက်ပို(Aleppo)ရှိလေဆိပ်နှစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီ ရီယယ် ၇.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဘီလီယံ)ရင်းနှီးမြှုပ်နှံသွားရန် ကတိကဝတ်ပြုထားကြောင်း သိရပါသည်။

Source: https://www.agbi.com/trade/2026/07/uae-signs-food-security-pact-with-syria/

(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News